ဒေါက်တာအောင်စည် နှင့် ဒေါက်တာအောင်မောင်း ... အပိုင်း(၁၄)

Published by: Dr. Min Khant on 23rd Apr 2013 | View all blogs by Dr. Min Khant

(၁၄)

 

ဒေါက်တာအောင်စည် စောဖိုးထွန်းကို အိမ်ထဲသို့ ခေါ်လာလိုက်သည် ။ သူ့စိတ်ထဲတွင်လည်း အတိုင်းမသိ ပျော်ရွှင်နေမိသည် ။ တော်တော်ကြာမှ ပြန်တွေ့ရမည်ဟု ထင်ထားသော လူတစ်ယောက်ကို ရုတ်တရက် ပြန်တွေ့လိုက်ရပြီး ထိုတွေ့လိုက်ရသောသူမှာ ကိုယ်ချစ်နေရသောသူဖြစ်နေသောအခါ ဒေါက်တာအောင်စည် ပျော်ရွှင်သည်ကို ဖေါ်မပြနိုင်တော့ ။ မမက မေးလျှင် ဘယ်လို ဖြေရပါ့ဟု တွေးမိသည် ။ ပြီးမှ စောဖိုးထွန်း ပြောသော စကားကို ပြန်အသုံးချမည်ဟု တွေးလိုက်မိသည် ။

 

မမ … သည်မှာ ငါ နင့်ကို ဟိုတစ်ခါက မိတ်ဆက်ပေးဖူးတဲ့ ကောင်လေး ရွာကနေ လိုက်လာလို့ …

 

ဟဲ့ … အောင်စည် … အလန့်တကြား … အော်ပြောနေလိုက်တာ … ဘာဖြစ်လို့လဲ …

 

သြော် … မဟုတ်ပါဘူး … သူက ဟိုမှာ ငါ ပစ်စည်း တစ်ခု ကျန်ခဲ့လို့ လိုက်လာပြီး ပေးတာ … ငါ့အတွက် အရမ်းအရေးကြီးတဲ့ ပစ်စည်းလေ မမရဲ့ …

 

ဟေ … ဘာပစ်စည်းလဲ … ငါ့ကိုလည်း ပြောပြပါဦး …

 

ဟဟ … ဒါကတော့ တော့ပ်စီးကရက်ပါ မမ … ပြောလို့မဖြစ်ဘူး …

 

အေးပါ … ဟုတ်ပါပြီ … မောင်လေး … လာပေးပေးတဲ့အတွက် ကျေးဇူးပဲနော် … ဘာပစ်စည်းမှန်းတော့ မသိပေမယ့် အောင်စည့်အတွက် အရေးကြီးတဲ့ ပစ်စည်းဆိုရင်တော့ ကျေးဇူးတင်ပါတယ်ကွယ် … မောနေရောပေါ့ … နားဦးလေ …

 

ဟုတ်ကဲ့ မမ … ညကြီးမှ ကမန်းကတန်းကြီး မပြောမဆို ရောက်လာရလို့ အားနာပါတယ် …

 

အို … မောင်လေးကလည်း … မဟုတ်တာကွယ် … နောက်လည်း ရန်ကုန်ရောက်ရင် လာလည်နော် … အခုလည်း အေးဆေးနေပေါ့ …

 

ဟင့်အင်း … မနေတော့ပါဘူး မမ … မနက်ဖြန် ဆရာ့ကို လေယာဉ်ကွင်း လိုက်ပို့ပေးပြီးသွားရင် ပြန်မှာပါ …

 

ဟဲ့ … ထွေးထွေးရေ … သူ့အတွက် အခန်း စီစဉ်ပေးလိုက်ဦး …

 

ဒေါက်တာအောင်စည် မမကို အတင်းတားလိုက်ရသည် ။ သည်ည သူ စောဖိုးထွန်းနှင့် တူတူ အိပ်မည်ဟု တွေးထားသည် ။ စောဖိုးထွန်းကို သူနှင့် သည်တစ်ညတော့ တူတူ အိပ်စေချင်သည် ။

 

နေပါစေမမ … ငါ့အခန်းမှာပဲ ခေါ်သိပ်လိုက်တော့မယ်လေ … ညဥ့်လည်းနက်နေပြီ ဆိုတော့ကာ … သက်သက်မဲ့ အခန်းပြင်မနေနဲ့တော့ … အလုပ်ရှုပ်တယ် …

 

အခန်းထဲ ရောက်တော့ ဒေါက်တာ အောင်စည် အခန်းတံခါးကို ဂျက်ထိုးလိုက်သည် ။ အဲယားကွန်း ဖွင့်ပြီး တံခါးတွေ လိုက်ကာတွေကို အကုန်လုံး ပိတ်ပစ်လိုက်သည် ။

 

ဆရာ … ဘာလုပ်နေတာလဲ … တံခါးတွေ အကုန် ပိတ်ပြီးတော့ …

 

ဒေါက်တာအောင်စည် ဘာမှ မပြောဘဲ မီးကို ပိတ်ကာ စောဖိုးထွန်းအနား တိုးကပ်လိုက်သည် ။ ပြီးနောက် စောဖိုးထွန်းကို နမ်းကာ ကုတင်ပေါ်သို့ တွန်းလှဲလိုက်လေသည် ။ (မီးပိတ်ထားသောကြောင့် ဘာဆက်ဖြစ်သည်ကို ကျွန်ုပ် မသိပါ ၊ ယင်းကား မှတ်ချက်ဖြစ်သည် ။)

 

လေဆိပ်ရောက်တော့ စောဖိုးထွန်း မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေသည် ။ သို့သော် ဆရာ့အစ်မနှင့် ယောက်ဖတို့ ပါသောကြောင့် မျက်နှာကို အတင်း ဟန်လုပ်ကာ ထိန်းထားရသည် ။ ဆရာ့တူမလေးကို စောဖိုးထွန်း ချီထားပေးသည် ။ ဆရာ့မျက်နှာတွင်လည်း စိတ်မကောင်းသော အရိပ်အယောင်များကို တွေ့နေရလေသည် ။ အပေါ်ဘက် ဧည့်သည် တက်သည့် ဘက်အထိ ဆရာ့ကို စောဖိုးထွန်း လိုက်ပို့ပေးသည် ။

 

ဆရာ … သည်နေရာအထိပဲ ကျွန်တော် လိုက်ပို့လို့ ရတာ … ကျွန်တော် သွားတော့မယ်နော် …

 

ညီ … အစ်ကို့ လက်စွပ်လေးကို ညီ ယူထားလိုက်ပါနော် … ညီ အစ်ကို့ဆီ ရောက်အောင် လိုက်မလာခင်အထိ သည်လက်စွပ်ကလေးကို သိမ်းထားရမယ် … နော် … ညီ …

 

ဒေါက်တာအောင်စည် ပြောပြောဆိုဆိုနှင့် လက်က လက်စွပ်ကို ချွတ်ပေးလိုက်သည် ။ စောဖိုးထွန်း ဒေါက်တာအောင်စည် ပေးသော လက်စွပ်ကလေးကို တယုတယ ကိုင်လိုက်ရသည် ။ ဆရာ့အနားနားကို သူ ကပ်လိုက်သည် ။ ပြီးတော့ လေသံလေးနှင့် ပြောလိုက်သည် ။

 

ဆရာ … အနား နည်းနည်း ကပ်ပါလား … ကျွန်တော် တိုးတိုးလေး ပြောစရာ ရှိလို့ …

 

ဆရာ့နားသည် စောဖိုးထွန်း အနားသို့ ကပ်လာလေသည် ။ ထိုအခါမှ စောဖိုးထွန်း ဆရာ့ပါးလေးကို နှာခေါင်းနှင့် ရွှတ်ကနဲ နမ်းပစ်လိုက်သည် ။ ဆရာ အံ့သြသွားသည် ထင်သည် ။ စောဖိုးထွန်းကို ရီဝေသော မျက်လုံးများနှင့် ပြုံးကာ ကြည့်နေလေသည် ။ စောဖိုးထွန်းကတော့ ရှက်သောကြောင့် ခေါင်းငုံ့နေရလေသည် ။

 

ဆရာ … ကျွန်တော့်ကို ဟိုမှာ စောင့်နေပါနော် … ဆရာ့ကို ချစ်တယ် …

 

ညီ … အစ်ကို့ဆီကိုလည်း ဆက်ဆက် လိုက်လာခဲ့ပါနော် … ညီ့ကို အစ်ကို ချစ်တယ် …

 

သည်စကားကိုသာ နောက်ဆုံးအနေနှင့် ပြောကာ ဒေါက်တာအောင်စည် တစ်ဖက်ကို လှည့်လိုက်လေသည် ။ တစ်ဖက်ကို လှည့်လိုက်သောအခါတွင်မှ မျက်ရည်တွေ ကျလာရသည် ။ စောဖိုးထွန်းလည်း တစ်ဖက်ကို လှည့်လိုက်သည် ။ သူ့မျက်လုံးတွင်လည်း မျက်ရည်များ ပြည့်နေလေသည် ။ ခွဲခွါရခြင်းသည် ချစ်သူ နှစ်ဦးလုံးကို နာကျင်ခံစားစေရသည် ။ ထို နာကျင်မှုကို ခံစားဖူးသူမှသာ သိလိမ့်မည် ။ ဒေါက်တာအောင်စည်ရော စောဖိုးထွန်းပါ နှစ်ယောက်လုံး အံကို ကြိတ်ပြီး အနောက်ကို ပြန်လှည့်မကြည့်ဖို့ အားတင်းထားရလေသည် ။

 

သို့နှင့် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ရင်း ချစ်သူနှစ်ဦးသည်လည်း အဝေးကြီး ဝေးကွာခဲ့ကြလေသည် ။ ပျံတက်သွားသော လေယာဉ်ပျံကို မော့ကာကြည့်ရင်း စောဖိုးထွန်း ရင်တွင် နာကျင်စွာ ခံစားရသကဲ့သို့ လေယာဉ်ပေါ်တွင် ပါသွားသော ဒေါက်တာအောင်စည်မှာလည်း ချစ်ရသူ ကျန်ခဲ့သည့် မြေပြင်ဆီသို့ ကြည့်ရင်း ရင်ထဲတွင် လွမ်းဆွေးရခြင်းက ကြီးစိုးနေခဲ့ရလေသည် ။

 

အောင်မောင်း၏ စိတ်ထဲတွင် ယောက်ျားချင်း ကြိုက်ခြင်းသည် မကောင်းသော အရာတစ်ခုဖြစ်မှန်း ငယ်စဉ်ကတည်းက သံမှိုစွဲ ရိုက်နှက်ထားသလို ၀င်သွားခဲ့လေသည် ။ ယောက်ျားလေးများ အချင်းချင်း ကြိုက်လျှင် အသေဆိုးနှင့် သေတတ်သည်ဟု မေမေ ပြောထားသော စကားကိုလည်း အောင်မောင်း ကလေးပီပီ ယုံကြည်မိသည် ။ သို့နှင့် လိင်တူချင်း ချစ်သူများကို မုန်းသောစိတ်က အောင်မောင်းရင်ထဲတွင် တစ်စစနှင့် ၀င်ရောက်လာခဲ့လေသည် ။

 

ဦးလတ်ကို သား လွမ်းလိုက်တာ ဖေဖေရယ် …

 

ဖေဖေနှင့် ဓါတ်ပုံအယ်လ်ဘန်တွေ ကြည့်ကြရင်း ဦးလတ်ပုံကို တွေ့သောအခါ အောင်မောင်း တိုးတိုးလေး ညည်းမိလိုက်ခြင်းဖြစ်သည် ။ ဖေဖေ့မျက်လုံးတွင် မျက်ရည်များ ၀ဲနေလေသည် ။ ဦးလတ်သည် ဘာကြောင့်များ ဦးရဲထိုက်ဆိုသော လူကို ကြိုက်ခဲ့ပါသနည်း ။ ဦးလတ်သာ ထို ဦးရဲထိုက်နှင့် မကြိုက်ခဲ့လျှင် အိမ်ပေါ်မှလည်း ဆင်းရမည် မဟုတ် ။ ထိုအခါတွင် ရောဂါဖြစ်ပြီးလည်း သေမည် မဟုတ် ။ ဦးလတ်ကို မမုန်းရက်တော့ ဦးရဲထိုက်ဆိုသော လူကြီးကို အောင်မောင်း မုန်းမိလေသည် ။

 

အောင်မောင်းတို့အိမ်နှင့် ကျောင်းက နီးနီးလေးမို့ အောင်မောင်း လမ်းလျှောက်ပြန်နေကျဖြစ်သည် ။ တစ်နေ့ အောင်မောင်း ကျောင်းက အပြန် လမ်းတွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့သြသွားမိသည် ။ ဦးငယ်သည် ဦးရဲထိုက်နှင့် တူတူ တွဲပြီး လာနေလေသည် ။ အောင်မောင်း စိတ်ထဲတွင် ဒေါသ ထောင်းကနဲ ဖြစ်သွားမိသည် ။ ဦးရဲထိုက်ဟာ တော်တော်ကို ဆိုးတာပါလား ။ အခုလည်း ဦးငယ်ကို မြှူဆွယ်နေပြန်ပြီဟု အောင်မောင်း စိတ်တိုတိုနှင့် ထိုသို့ တွေးလိုက်မိသည် ။

 

ဟာ … အောင်မောင်း … သား ကျောင်းက ပြန်လာပြီလား …

 

ဦးငယ် မေးတော့ အောင်မောင်း ဦးငယ်ကို မကျေမနပ်ကြည့်လိုက်မိသည် ။ ပြီးတော့ ခပ်ဆက်ဆက်ပဲ ဖြေလိုက်မိသည် ။

 

ဟုတ်ကဲ့ … ပြန်လာပါပြီ …

 

ပြီးတော့ အောင်မောင်း ဦးရဲထိုက်ကို မကျေမနပ် တစ်ချက်ကြည့်ကာ လမ်းကို ဆက်လျှောက်သွားလိုက်သည် ။ ဖြစ်နိုင်လျှင် ဦးရဲထိုက်ကို အောင်မောင်း အော်ဟစ်ပြီး ပြောဆိုလိုက်ချင်သည် ။ ဦးလတ်ကို ပြန်ခေါ်ပေးဖို့ ပြောလိုက်ချင်သည် ။ အောင်မောင်း စိတ်တွေကို မနည်းထိန်းထားရသည် ။ အောင်မောင်း ယုံကြည်ထားသည်မှာ ဦးလတ်သေသည့် အဓိက တရားခံမှာ ဦးရဲထိုက်ဟုပင် ။

 

လင်းမိုး သိသိသာသာ တိတ်ဆိတ်သွားသော ကိုရဲကို ကြည့်ပြီး တစ်ခုခုတော့ ဖြစ်နေပြီဟု သိလိုက်သည် ။ ကိုရဲ ဘာကိုများ စိတ်အလိုမကျ ဖြစ်နေပါလိမ့် ။ သည်တစ်လော လင်းမိုး ကိုရဲနှင့် ပိုပိုပြီး တွဲဖြစ်လာသည် ။ ဖေဖေတို့ မေမေတို့ကတော့ ကိုလတ်ကို အသုဘ ချပေးအပြီးတွင် ကိုလတ်အကြောင်း ဘာဆိုဘာမှ မပြောတော့ ။ ထို့ကြောင့်လည်း လင်းမိုး ဖေဖေတို့ မေမေတို့ စိတ်ဆင်းရဲမည်စိုးသောကြောင်း ကိုရဲနှင့် ခင်မင်နေကြောင်း မပြောပြဖြစ်တော့ ။

 

လင်းမိုး ကိုရဲထိုက်အပေါ် သနားဂရုဏာ ဖြစ်မိရာမှ ကိုရဲအနားတွင် ရှိရင်း အားပေးဖေးမနေမိခြင်းဖြစ်သည် ။ သူ့ကိုယ်သူလည်း ထူးဆန်းသည်ဟု ခံစားရသည် ။ ယခင်က ချစ်သူ ၀တ်မှုန်မေဆီသို့ မကြာခဏ သွားခဲ့သော်လည်း ယခု ၀တ်မှုန်ချိန်းလျှင်ပင် ကိုရဲနှင့် တွေ့စရာရှိသောကြောင့် ဖျက်ဖျက်ပစ်မိသည်က များနေသည် ။ သူ့ကိုယ်သူလည်း နားမလည်နိုင်တော့ ။ ကိုရဲသည် ကိုလတ်၏ ချစ်သူဖြစ်သည် ။ သည်အချက်ကို လင်းမိုး ဘယ်တော့မှ မေ့မထားသင့်ဘူးဟု ထင်သည် ။

 

ကိုရဲ … ဘာဖြစ်နေတာလဲဟင် …

 

အောင်မောင်းလေး ကြည့်သွားတဲ့ အကြည့်တွေကို လင်းမိုး သိလား … ဟင် …

 

ဗျာ … ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ … ကိုရဲရဲ့ …

 

ခင်ဗျားကြောင့် ဦးလတ်လည်း သေရပြီးပြီ … ဦးငယ်ကို ထပ်ပြီးတော့ မနှောင့်ယှက်ပါနဲ့တော့တဲ့ …

 

ပြောရင်း ရဲထိုက် မျက်ရည်တွေ ကျလာသည် ။ ကိုစိုးကို သတိရမိသောကြောင့်ဖြစ်သည် ။ ကိုစိုးရယ် … အခုဆို ဘယ်ကို ရောက်နေမှာလဲဗျာ ။ အပြင်မှာ မိုးတွေရွာတဲ့အခါကျရင် ထီးဆောင်းပျင်းတဲ့ ကိုစိုးကို ဘယ်သူက ထီးလာဆောင်းပေးမှာလည်းဗျာ … ။ လွမ်းလိုက်တာ ကိုစိုးရယ် … ။

 

မဟုတ်တာတွေ တွေးမနေပါနဲ့ ကိုရဲရယ် … ကျွန်တော် ကိုယ်တိုင်က လိုလိုလားလားနဲ့ ကိုရဲဘေးမှာ နေချင်နေတာပါ … လျှောက်မတွေးပါနဲ့ဗျာ … နော် …

 

ရဲထိုက် ကိုစိုး၏ ညီလေး လင်းမိုး၏ မျက်နှာကို ကြည့်ကာ သက်ပျင်းတစ်ချက်ကို လေးလေးပင်ပင် ချပြီး ခေါင်းညိမ့်လိုက်မိသည် ။ ကိုစိုးကို ရဲထိုက် လွမ်းနေသည်ကို မိုးတိမ်တွေက သိသည် ထင်သည် ။ ထိုအချိန်တွင်ပင် မိုးတိမ်များမှ မျက်ရည်များအဖြစ် မိုးများကို သည်းထန်စွာ ရွာသွန်းပေးနေတော့လေသည် ။

 

Comments

7 Comments

  • Dr. Min  Khant
    by Dr. Min Khant 1 year ago
    အပိုင်း ၁၄ ကို တင်ပေးလိုက်ပါပြီခင်ဗျာ ... အားလုံး ဖတ်ရှု အားပေးကြပါဦး ... မအားအားတဲ့ ကြားကနေ ရေးပေးနေရတာပါ ... သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ ...
  • Min Min
    by Min Min 1 year ago
    wooow..so nice..thanks brother..please quickly for the next post..:P..
  • coolboy.lay
    by coolboy.lay 1 year ago
    mee mate thwar lok bar mamm taung ma thi lite bu bya,,,,,:) :) :)
  • jinjar
    by jinjar 1 year ago
    အားပေးသွားပါတယ်အကို
    နောက်အပိုင်းတွေလဲမျှော်နေပါ့မယ်
  • J     Xing(J 신)
    by J Xing(J 신) 1 year ago
    ညီ လည်း အာပေးသွားတယ်နော် အကို။။
  • piter
    by piter 1 year ago
    အားပေးနေပါတယ်ဗျာ၊ မအားတဲ့ကြားက ရေးပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ
  • Baby_phyo
    by Baby_phyo 10 months ago
    မအားတဲ့ကြားက ရေးပေးတဲ့ ဒေါက်တာမင်းခန့် ကိုကျေးဇူးပါ..။
Please login or sign up to post on this network.
Click here to sign up now.