Apr 17th

ကြိုင်ကြိုင်နဲ့ ယိုင်ယိုင်

By ကိုကိုနှိုင်းမခ
စားသောက်ဆိုင်တဆိုင်အတွင်း တီဗွီကလွှင့်နေတဲ့ ဦးသန်းရွှေ တိုင်းခန်းလှည့်လည်တဲ့ သတင်းကို ကြည့်ပြီး လူနှစ်ယောက် ဝေဖန်နေကြတယ်။

ပထမလူ ။ ။ ငါတော့ ဘိုးတော်ကြီးကို ကြည့်ပြီး ဇရာဆိုတာကို တော်တော်ဆင်ခြင်လာမိတယ်ကွာ။ သူ့ခမျာ အားသာ မနည်းတင်းထားနေရတယ်။ လူက ယိုင်တိုင်တိုင် ဖြစ်နေပြီ။ လမ်းလျှောက်တာတောင် အားမပါသလို ဖြစ်နေတယ်။

ဒုတိယလူ ။ ။ ဒါဆို ငါတို့ သူ့ကို နာမည်ပြောင်းပြီး ပေးလိုက်ကြရင် မကောင်းဘူးလား။ ‘ယိုင်ယိုင်’ ဆိုပြီးတော့ လေ။ သူ့မိန်းမနာမည်နဲ့လည်း ကာရန်တူသွားတာပေါ့။

သူတို့ပြောနေတာတွေကို ကြားပြီးတော့ ကျနော့်မှာ မပြုံးဘဲမနေနိုင်ဘူး။ တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေ။ အဘိုးကြီးကို နာမည်ပြောင်ပေးတာတောင်မှ ကာရန်လေးနဲ့။ မိန်းမနာမည်က ‘ကြိုင်ကြိုင်’ ဆိုတော့ ယောက်ျားနာမည်က ‘ယိုင်ယိုင်’ တဲ့လေ။
Apr 17th

အိမ်သာပြင်လိုက ဗိုလ်ချုပ်မှူးကြီးထံ ခွင့်ပြုမိန့်တောင်းပါ

By ကိုကိုနှိုင်းမခ
နေပြည်တော်က ၀န်ထမ်းတွေအပေါ် ဗိုလ်ချုပ်မှူးကြီး ထားတဲ့ စေတနာကတော့ ရှယ်ပဲခင်ဗျ။ ၀န်ထမ်းတွေ အားလုံးကို သူ့အဆင့်နဲ့သူ တိုက်ခန်းအသစ်တွေမှာ နေရာချထားပေးပါတယ်။ နေပြည်တော်သည် ပထမဖြစ်ရ မည်၊ နေပြည်တော်သည် နိုင်ငံတကာအဆင့်မီရမည် ဆိုတဲ့မူတွေနဲ့ အိမ်သာတွေကိုတောင်မှ အားလုံး ‘ဗိုလ် ထိုင်’ ကမုတ်တွေ တပ်ထားပေးသဗျ။

အဲဒီမှာ ခက်တော့တာပါပဲ။ ရေမီးရှားတိုင်းပြည်ကြီးရဲ့ နေပြည်တော်ဆိုတော့ မီးမရှားအောင် တခြားမြို့ ခွဲတမ်း တွေထဲက လုယူပြီး လျှပ်စစ်မီးတွေ ထိန်နေအောင် လုပ်ထားနိုင်ပေမယ့် ရေရှားတဲ့ ပြဿနာကိုတော့ မဖြေရှင်း နိုင်သေးလို့ တချို့အိမ်ရာတွေမှာ မကြာခဏ ရေပြတ်ပါတယ်။ ဗိုလ်ထိုင်အိမ်သာတွေရဲ့သဘောကလည်း ရေ များများသုံးနိုင်မှဆိုတော့ ... ရေပြတ်တဲ့အခါတွေမှာ အိမ်သာတွေက မသန့်ရှင်းနိုင်ဘဲ နံစော်နေတော့တာပေါ့။ အဲဒါကြောင့် ရေသိပ်များများ သုံးစရာမလိုတဲ့ ရေတံလျှောက်အိမ်သာအဖြစ် မြန်မာဆန်ဆန် ပြင်လိုက်ရင် အ ဆင်ပြေမှာပဲလို့ တွေးမိတဲ့ ၀န်ထမ်းတယောက်က အထက်လူကြီးကို တင်ပြတဲ့အခါ အဲဒီလူကြီး ပြန်ပြောတာက “အိမ်သာတွေကို နိုင်ငံတကာအဆင့်မီအောင် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လမ်းညွှန်ထားတာမို့၊ သူ့ခွင့်ပြုချက်မရှိ ဘဲ ပြင်လို့မရပါဘူး” တဲ့ခင်ဗျာ။

အိမ်သာလေးတလုံး ပြင်ဖို့တောင် ဗိုလ်ချုပ်မှူးကြီးရဲ့ ခွင့်ပြုချက်လိုနေရင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ... အင်း ... ...။           ... မှ ကူးယူဖေါ်ပြသည်..။
Apr 17th

ဗိုလ်မှူးကြီးရဲ့ စေတနာ

By ကိုကိုနှိုင်းမခ
လွှတ်တော်ကို တနေ့ (၁ဝ) မိနစ်စီလောက်ပဲ ကျင်းပတာနဲ့ ပတ်သက်လို့ မလိုသူတွေက အမျိုးမျိုး ဝေဖန်ကြ တယ်။ တကယ်တော့ ဒါက ဗိုလ်ချုပ်မှူးကြီးရဲ့ စေတနာပါ။

ဗိုလ်ချုပ်မှူးကြီးက သူ့လွှတ်တော်အမတ်တွေကို ကမ္ဘာပေါ်မှာ လုပ်အားခ အများဆုံး ရစေချင်တယ်လေ။ တ ချို့နိုင်ငံတွေမှာ အမတ်တွေရဲ့ လခက တနာရီကို ဒေါ်လာ (၅ဝ) နှုန်းလောက် ရတယ်ဆိုလား။ အခု သူပေး နိုင်တာက တရက်မှ ကျပ်တသောင်းလောက်ဆိုတော့၊ အခုလို တရက်ကို ဆယ်မိနစ်ထက်ပိုပြီး မကျင်းပရလို့ ကန့်သတ်လိုက်ရတာပါတဲ့။ ဒါမှ တနာရီနှုန်းနဲ့ တွက်ရင် ခြောက်သောင်းလောက်ရပြီး ကမ္ဘာပေါ်မှာ လုပ်အားခ အများဆုံးရတဲ့ လွှတ်တော်အမတ်တွေ ဖြစ်အောင်လို့ပါတဲ့။
Apr 16th

သူများပြောပြတာ

By VuuVuu
၁ မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်....
၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်....
၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်...
၎မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်....
၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်...
၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်....
၇ မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်....
၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်...
၉ မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်....
၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်...

မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်....
မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်...
မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်....
မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်...
အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမဲ့  မပေါ်လာသေးဘူး...

နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်...
နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်....
သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်...
ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ....

သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား....
သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး....

ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ....

တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး....

သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး....
သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ...

သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်....
သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ....

မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်....
မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို သွား၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား.....
Apr 15th

အဖြူစင်ဆုံးမေတ္တာ

By လမင်းသော်တာ
cartoon_lovely_children_vector_3012_m.jpg

မိဘနှစ်ပါး စောစောစီးစီးဆုံးပါးသွားတော့ လူမမယ်ကလေးနှစ်ယောက် ကျန်ရစ်ခဲ့တယ်။ အဲဒီလူမမယ်နှစ်ယောက်မှာ ညီမရဲ့တစ်ဦးတည်းသော
မှီခိုအားကိုးရာက အစ်ကိုဖြစ်သလို အစ်ကိုရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်းကလည်း ညီမပဲဖြစ်တယ်။ ဒါကြောင့် အစ်ကိုဖြစ်သူက ညီမလေးကို သူ့ကိုယ်သူချစ်တာထက် ပိုချစ်ခဲ့တယ်။

ကံတရားက မတရားဘူးလို့ဆိုရမလား! မှီခိုအားကိုးရာမဲ့တဲ့ လူမမယ်သူတို့နှစ်ယောက်အပေါ် ကဒ်ဆိုးတစ်ခု ကျရောက်ခဲ့ပြန်တယ်။ ညီမဖြစ်သူ အပြင်းဖျားနာခဲ့တယ်။ ဆေးရုံတင်တော့ အသက်လုကယ်တင်ဖို့ သွေးလိုလာတယ်။ ဆေးရုံက ဈေးကြီးပေးရတဲ့သွေးကိုဝယ်ဖို့ ကောင်လေးမတတ်နိုင်ခဲ့ဘူး။ ခွဲစိတ်ခတွေ ဆေးရုံကမယူပေမယ့် သွေးမရှိရင် ညီမလေးအသက်ကို ကယ်တင်နိုင်မှာမဟုတ်ဘူး။ သွေးရင်းဖြစ်တဲ့ ကောင်လေးရဲ့သွေးက ကောင်မလေးလိုနေတဲ့ သွေးနဲ့တူနေတယ်။

ကောင်မလေးအသက်ကိုကယ်ဖို့ ကောင်လေးရဲ့သွေးကို ယူမှဖြစ်တော့မယ်။ ဆရာဝန်က သွေးဖောက်ချိန်နာတဲ့ဒဏ်ကို ခံနိုင်သလား? သွေးလှူဖို့ သတ္တိရှိသလားလို့ ကောင်လေးကိုမေးတယ်။ ဆယ်နှစ်ကျော်ကျော်သာရှိသေးတဲ့ ကောင်လေးက ဆရာဝန်အမေးကို စဉ်းစားဟန်တစ်ချက်ပြုပြီး ခေါင်းညိတ်တယ်။ ညီမလေးအတွက် လိုနေတဲ့သွေးကို သူလှူမယ်။

သွေးဖောက်တဲ့အချိန် ကောင်လေးတစ်ချက်မှာ မတွန့်ခဲ့ဘူး။ ဘေးကုတင်ပေါ်က ညီမလေးကိုကြည့်ပြီး သူပြုံးနေခဲ့တယ်။ လိုအပ်တဲ့သွေးတွေ ဖောက်ယူပြီးနောက် ကောင်လေးက တုန်ရင်တဲ့အသံနဲ့ ဆရာဝန်ကိုမေးတယ်။

"ဆရာ....ကျွန်တော့်အသက် ဘယ်လောက်ပဲခံတော့မလဲ ဆရာ?"

ကောင်လေးရဲ့ မသိနားမလည်တဲ့အမေးကို ဆရာဝန်ကြားတော့ ရယ်ချင်မိတယ်။ ဒါပေမဲ့ ကောင်လေးရဲ့သတ္တိကြောင့် ရုတ်တရက် ဆရာဝန်တုန်လှုပ်သွားမိတယ်။ အသက်ဆယ်နှစ်ကျော် ကောင်လေးရဲ့အသိဉာဏ်ထဲမှာ ခန္ဓာကိုယ်ထဲကသွေးကိုထုတ်လိုက်ရင် သေမယ်လို့ထင်ထားခဲ့တာတောင် သူ့ညီမလေးအတွက် သွေးတွေပေးခဲ့တယ်။ သူ့အသက်အသေခံပြီး ညီမလေးအတွက် သွေးတွေပေးခဲ့မယ်လို့ သူဆုံးဖြတ်ခဲ့ပုံရတယ်။ ညီမလေးအတွက် သတ္တိတွေ သူထုတ်ခဲ့တယ်။

ဆရာဝန်က ကောင်လေးရဲ့လက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ပြီး "စိတ်ချပါ.. မင်း မသေနိုင်ပါဘူး။ သွေးလှူတာ အသက်မသေနိုင်ပါဘူး" လို့ပြောတော့ ကောင်လေးရဲ့မျက်လုံး တစ်ချက်လက်သွားပြီး ဆရာဝန်ကို ပြန်မေးတယ်။

"တကယ်လား ဆရာ! ဒီလိုဆိုရင် ကျွန်တော် ဘယ်နှနှစ် အသက်ရှင်နိုင်သေးလဲ ဆရာ!"

"အသက်(၁ဝဝ).. မင်းကကျန်းမာတော့ အသက်(၁ဝဝ)အထိရှင်နိုင်ပါတယ်" လို့ ဆရာဝန်က ကရုဏာစိတ်နဲ့ ခပ်ပြုံးပြုံးပြန်ဖြေတယ်။

ဆရာဝန်စကားကြားတော့ ကောင်လေးက ပျော်ပြီးထခုန်တယ်။ ကိုယ်ဘာမှမဖြစ်နိုင်ဘူးဆိုတာကို သူသိတော့ အခုနားက သွေးဖောက်ခံထားတဲ့လက်မောင်းကိုပင့်၊ ခေါင်းကိုမော့ပြီး ဆရာဝန်ကို တလေးတစားပြန်ပြောတယ်။

"ဆရာ... ဒီလိုဆိုရင် ကျွန်တော့်ကိုယ်ထဲကသွေးတွေ တစ်ဝက်ဖောက်ပြီး ညီမလေးကိုပေးလိုက်ပါ။ ကျွန်တော်တို့နှစ်ယောက် အသက်(၅ဝ)စီပဲရှင်မယ်"

ကောင်လေးရဲ့စကားကြောင့် လူနာဆောင်ထဲကလူတွေ အားလုံးအံ့သြတုန်လှုပ်သွားခဲ့ကြတယ်။ ဒါဟာ ကောင်လေးရဲ့ လက်လွတ်စပယ် ဝန်ခံချက်မဟုတ်ဘူး။ ဒါဟာ လူသားတွေထဲက တစ်ကိုယ်ကောင်းဆန်စိတ် အကင်းဆုံး၊ အဖြူစင်အသန့်ရှင်းဆုံး ဂတိပဲဖြစ်တယ်။
Apr 15th

ကုလားအုတ်နဲ့ဝံပုလွေ

By လမင်းသော်တာ
အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုတ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ်တစ်မျိုးရှိတယ်။ ကုလားအုတ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာဖြစ်တယ်။

ကုလားအုတ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုတ်ကပြေးရင် သူနောက်က လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုတ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိခဲ့ရှာဘူး။

ပြေးစမှာ ကုလားအုတ်က ဝံပုလွေလောက် အပြေးမသန်ဘူး။ ပြေးရင်းရှောင်ရင်း ဝံပုလွေရဲ့အပြေး တဖြေးဖြေးနှေးလာတယ်။ ဝံပုလွေနှေးရင် ကုလားအုတ်လည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးတာဖြစ်တယ်။ ကုလားအုတ်နှေးတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုတ် ဆက်ပြေးတယ်။ အားကုန်လုဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် အားကုန်နေတာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုတ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!

ဒါဟာ ကုလားအုတ်က ဝံပုလွေကို သဲကန္တာရနက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုတ်ရဲ့ ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုတ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။

(နိုင်းနိုင်းစနေမှ)

Apr 13th

နောက်တစ်ကြိမ် ကြိုးစားခွင့်...

By လမင်းသော်တာ
pray3jpg.jpg

မည်သူမဆို အမှားတစ်ခု ကျူးလွန်လျှင် ထိုအမှားအတွက် အပြစ်ဒဏ်ကို ခံယူရလိမ့်မည်ဟူသည့် တင်းကျပ်သော ထုံးတမ်းစဉ်လာအောက်၌ ကျွန်တော် ကြီးပြင်းခဲ့ရသည်။ အဲဒါသည်ပင် တရားမျှတမှုဟူသော အသိမျိုးဖြင့် ကျွန်တော် ရပ်တည်ခဲ့ပါသည်။

၁၉၂၁ ခုနှစ်တွင် ဆရာဝန်ပေါက်စဘ၀နှင့် နော့သမ်ဗာလင်းဆိုသည့် အစွန်းအဖျားဒေသတစ်ခုရှိ ဆေးရုံတစ်ရုံမှာ ကျွန်တော် ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ကျွန်တော်ရောက်စ တစ်ခုသော ဆောင်းညချမ်းမှာ ဆေးရုံသို့ ဆုံဆို့နာ ရောဂါသည်တစ်ယောက် ရောက်လာသည်။ လူနာက အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး။ ဆုံဆို့နာကြောင့်ဖြစ်သည့် ချွဲမြှေးက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေသဖြင့် ကလေးက မရှူနိုင် မကယ်နိုင် ဖြစ်နေသည်။ လည်ပင်းမှနေ၍ အရေးပေါ် လေရှူပေါက် အမြန်ဆုံးဖောက်ပေးမှသာ ကံကောင်း ဘုန်းကောင်း အသက်ရှင်ချင်ရှင်နိုင်မည့် အနေအထား။

အဲသည်တုန်းက ကျွန်တော်ကလည်း အတွေ့အကြုံ အလွန်နည်းသေးသည့် အချိန်။ အရေးပေါ် လေရှူပေါက် ဖောက်ခြင်းဆိုသည်က လုပ်ရလွယ်သလောက် အလွန်လည်း ထိရောက်သည့် ခွဲစိတ်မှုတစ်ခု ဖြစ်သည်။ သို့သော် ကျွန်တော်တစ်ခါမှ မလုပ်စဖူးခဲ့။

မှန်မီးအိမ် အလင်းရောင်အောက်၌ စစ္စတာအိုကြီးတစ်ယေက်နှင့် အလုပ်သင်စ သူနာပြုဆရာမတစ်ယောက်တို့ လူနာလေးကို ခွဲစိတ်စားပွဲပေါ်မှာ နေရာချကြသည်။ လူနာကောင်လေးက အသက်ကို ပင်ပင်ပန်းပန်း ရှိုက်၍ ရှူနေရသည်။ သူတို့လုပ်ကိုင်နေသည်ကို ရပ်ကြည့်ရင်း ကျွန်တော် လက်ဖျားခြေဖျားတွေ အေးကာ ကတုန်ကယင် ဖြစ်ချင်လာသည်။

စိုးရွံ့ပူပန်စွာနှင့်ပင် သူ့လည်ပင်း သေးသေးကို ကျွန်တော်စ၍ ခွဲလိုက်သည်။ ငါ မကျွမ်းကျင်ဘူးဆိုသော အသိကြောင့် လက်က မရဲ။ သို့သော် တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းကပင် သည်ကလေးအသက်ကို ရအောင်ကယ်ဆယ်လိုစိတ် ထက်သန်လာသည်။ ခွဲစိတ်မှု အောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဝင်လာကာ ပို၍ ယုံယုံရဲရဲ ဖြစ်လာသည်။

ချွေးစတွေ မျက်စိထဲ ၀င်၍ မှုန်တုန်တုန် ဖြစ်နေသည့်ကြားမှ မီးအိမ်အလင်းရောင်မှာ လေပြွန်ကို ထင်ထင်ရှားရှား မြင်လာရသည်။ သည်ဟာကို ခွဲဟပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေငတ်နေသော ကောင်လေး၏ ရင်ဘတ်ထဲသို့ သည်အပေါက်မှနေ၍ လေတွေ တစ်ရှူးထိုး တိုးဝင်သွားသည်။ အားကုန်မောဟိုက်နေသည့် ခန္ဓာကိုယ်လေးမှာ စွမ်းအားသစ်တွေ ပြည့်လျှမ်းလာတာကြည့်ပြီး ကျွန်တော့်ရင်ထဲ အကြီးအကျယ် ပေါ့ပါးသက်သာသွားကာ ၀မ်းသာအားရ ထအော်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ ထို့နောက် လေပြွန်ပေါက်မှာ ပိုက်တစ်ခု တပ်ပြီး ပြန်ပိတ်ချုပ်သည်။ ရေနွေ့ငွေ့ရှူ၍ရအောင် ကာရံပေးထားသည့် ခုတင်တွင် လူနာလေး သက်သောင့်သက်သာ ရှိနေပြီးသည့်နောက်၌ ကျွန်တော့်အခန်းရှိရာသို့ ပြန်ခဲ့သည်။ လူက အောင်မြင်မှုဖြင့် ရွှင်လန်းတက်ကြွ၍နေသည်။

လေးနာရီခန့်အကြာ ညနှစ်ချက်တီးလောက်တွင် အခန်းတံခါးကို အသည်းအသန် လာခေါက်သဖြင့် ကျွန်တော်အိပ်ရာမှ နိုးလာသည်။ သူနာပြုဆရာမလေး။

သူက လူနာခုတင်ဘေးမှာစောင့်ရင်း အိပ်ငိုက်သွားသည်။ နိုးလာတော့ လေပြွန်ပေါက်မှာ တပ်ထားသည့်ပိုက်က ပိတ်ဆို့နေသည်။ သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဒရောသောပါး ပြေးချလာခြင်း ဖြစ်သည်။ "ဒေါက်တာ၊ ဒေါက်တာ… အမြန်လာပါ" သူ့မျက်နှာက ဖြူရော်နေသည်။ စကားက အထစ်ထစ် အငေါ့ငေါ့။

စင်စစ် သူ လုပ်ရမည်က ပိုက်မှာဆို့လာသည့် ချွဲမြှေးကို ဖယ်ရှားပစ်ဖို့ပဲ ဖြစ်သည်။ ဒါက သူနာပြုတို့အဖို့ ဘာမှ မကြီးကျယ် မခက်ခဲသည့် သမားရိုးကျ အလုပ်တစ်ခု။ ယခု သူက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မျက်ကလူးဆန်ပြာ ပြေးလာတော့ ခွင့်မလွှတ်နိုင်သည့် ဆိုးကျိုးရလဒ်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီ။

လူနာခန်းထဲ ကျွန်တော် ရောက်သွားသည့်အချိန်တွင် ကလေးက အသက်မရှိတော့။

အချည်းနှီး အလဟဿ ဆုံးရှုံးရလေခြင်းဟု နှမြောသောစိတ်၊ လူ့အသက်တစ်ချောင်းကို သက်သက်မဲ့ ဖြုန်းတီးပစ်သည်ဟု ကြိမ်းမောင်းပစ်တင်ချင်စိတ်တို့ ကျွန်တော့်ကို လွှမ်းမိုးလာသည်။ ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရ အောင်မြင်မှုတစ်ခု ပေါ့ဆပြီး အကြောက်ကြီးသည့် သူနာပြုဆရာမတစ်ဦးကြောင့် ပျက်စီးခဲ့ရပြီဆိုသော အတွေးက အစူးရှ အပြင်းထန်ဆုံး ဖြစ်သည်။ ကျွန်တော့်ဒေါသက အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာလေသည်။ သည်ကိစ္စကို ခရိုင်ကျန်းမာရေး ဘုတ်အဖွဲ့သို့ တင်မည်၊ သည်အမျိုးသမီးကို သည်အလုပ်က ထုတ်ပယ်စေရမည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။

ညနေဘက်တွင် အလွန်ပြင်းထန်သော အစီရင်ခံစာတစ်စောင် ကျွန်တော်ရေးသည်။ စာ၌ သူ ကျူးလွန်ခဲ့သော ပြစ်ချက်ကို ဖိဖိစီးစီး ဖော်ပြသည်။ ထို့နောက် သူ့အား ရုံးခန်းသို့ ဆင့်ခေါ်ကာ အစီရင်ခံစာကို လေသံပြင်းပြင်းနှင့်ပင် ကျွန်တော်ဖတ်ပြလိုက်သည်။

ကျွန်တော် ဖတ်ပြသမျှကို သနားစဖွယ် တိတ်ဆိတ်စွာပင် သူ နားထောင်နေသည်။ စင်စစ် သူက ဝေလနယ်သူ ရိုးရိုးအအ တစ်ယောက်ဖြစ်သည်။ လူက ပိန်သည်။ သဏ္ဌာန်ဟန်ပန်ကလည်း သိပ်အချိုးမကျ။ အစာအာဟာရ မပြည့်ဝသဖြင့် လူကလည်း အားအင်သိပ်မရှိချင်၊ သည်အထဲမှာ ရှက်တာရယ် ၀မ်းနည်းတာရယ် ကြောက်ရွံ့တုန်လှုပ်တာရယ် ပေါင်းလိုက်တော့ မူးချင်မေ့ချင်သလိုပင် ဖြစ်နေပုံရသည်။

သူ့ထံမှ ဘာအကြောင်းပြချက်တစ်ခုမှ မရသည့်အခါ ကျွန်တော်ပို၍ ဒေါသထွက်လာသည်။ တကယ်ဆိုလျှင် သူ့အနေနှင့် အလုပ်တွေ ဆက်တိုက်ပင်ပန်းသွားသောကြောင့် ယခုလို မတော်တဆ ဖြစ်သွားရတာပါ ဘာညာစသဖြင့် ဆင်ခြေဆင်လက်ပေး၍ ရနိုင်သည။ ယခုတော့ ဘာမှမဆို။ "မင်း ဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူးလားကွ၊ ဟေ" ကျွန်တော် ဒေါသနှင့် ဟောက်လိုက်မိသည်။

သူက ခေါင်းခါသည်။ ထို့နောက်မှ ရုတ်တရက် မ၀ံ့မရဲအသံနှင့် ဆိုသည်။

"ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ ဆရာ" တဲ့။

ကျွန်တော် ရုတ်တရက် အမ်းသွားသည်။ ကျွန်တော့်ခေါင်းထဲမှာ အဲသည်စိတ်ကူးမျိုး လုံးဝမရှိခဲ့။ ကျွန်တော့်ကို လွှမ်းမိုးနေခဲ့သည့် တစ်ခုတည်းသော အတွေးက သူ့အပြစ်ဒဏ် သူခံရမည်ဆိုတာပဲ ဖြစ်သည်။ ကျွန်တော် သူ့ကို စိန်းစိန်းကြည့်နေမိသည်။ ပြီးမှ သွားတော့ဟု ပြတ်ပြတ်တောက်တောက်ပင် ပြောလိုက်သည်။ အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ် နှိပ်လိုက်သည်။

အဲသည်ည တစ်ညလုံး ကျွန်တော် ကောင်းကောင်း အိပ်မရ။ "ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ" ဆိုသည့် စကားသံက ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ကျွန်တော့် တရားစီရင်ချက်သည် တကယ် တရားမျှတသော စီရင်ချက် ဟုတ်ရဲ့လား၊ ကနဦးခေတ် လူသားတွေ၏ လက်စားချေစိတ်နဲ့ တုံ့ပြန်ဒဏ်ခတ်မှုမျိုးများ ဖြစ်နေမလားဟူသော အတွေးများက ထပ်ပြန်တလဲလဲ ခြောက်လှန့်နှောင့်ယှက်နေခဲ့သည်။

သည့်အတွက်နဲ့များ အိပ်မပျော်နိုင် ဖြစ်ရသလားဟု ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်မိသေးသည်။ သို့သော် မနက်တွင်တော့ စင်ပေါ်တင်ထားသည့်စာကို ကျွန်တော်ပြန်ယူကာ အစီရင်ခံစာကို ဆုတ်ဖြဲပစ်ခဲ့သည်။

ဤသည်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက် ဖြစ်သည်။ အဲသည်တုန်းက လူနာလေးတစ်ယောက် အသက်ဆုံးရှုံးရအောင် မှားယွင်းချွတ်ချော်ခဲ့သည့် သူနာပြု ဆရာမလေးသည် ယခုအခါ၌ ဝေလနယ်ရှိ အကြီးဆုံး ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာတွင် သူနာပြုဆရာမအုပ်ကြီးအဖြစ် အောင်မြင်စွာ တာဝန်ထမ်းရွက်လျက် ရှိနေပေပြီ။ သူမကား သူနာပြုသက်တမ်း တစ်လျှောက်လုံးပင် မိမိအလုပ်တွင် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လုပ်ကိုင်သူအဖြစ် သူတကာ စံနမူနာယူရသူတစ်ဦး ဖြစ်ခဲ့သည်။

လွန်ခဲ့သောအပတ်က ကျွန်တော် ဓာတ်ပုံတစ်ပုံ ရပါသည်။ သူနာပြုဆရာမအုပ်ကြီးဝတ်စုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်၊ သူမအနီးမှာ ကလေးတွေ ၀ိုင်းရံလျက်။

ဓာတ်ပုံက ဗုံးခိုကျင်းတစ်ခုအတွင်းမှာ ရိုက်ထားခြင်းဖြစ်သည်။ သူမ မျက်နှာမှာ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်လက္ခဏာများ ထင်ဟပ်နေသည်။ သို့သော် သူမကို မော့ကြည့်နေကြသည့် ကလေးများ မျက်နှာမှာတော့ ချစ်ခင်စိတ် အားကိုးယုံကြည်စိတ်တွေ အပြည့်နှင့်။

"ကျွန်ုပ်တို့အပေါ် ကျူးလွန်သည့် သူတစ်ပါးတို့၏ ပြစ်မှုကို ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့၊ ကျွန်ုပ်တို့ ပြစ်မှားကျူးလွန်မိသည်များကိုလည်း ခွင့်လွှတ်တော်မူပါ" ဟူ၍ ကျွန်တော်တို့ ဆုတောင်းလေ့ရှိကြပါ၏။ ထိုဆုတောင်းကလေးသည် ရိုးစင်းလွယ်ကူသလောက် လက်တွေ့ကျင့်သုံးရန် ခက်ခဲလှပါသည်။ သို့သော် တကယ်ကျင့်သုံးမည်ဆိုလျှင်ကား တကယ်ပင် အကျိုးကျေးဇူး ကြီးမားလှချေသည်။
A.J. Cronin, Reward of Mercy(ဆရာဖေမြင့်ရဲ့ နောက်တစ်ကြိမ်ကြိုးစားခွင့်မှ)
Apr 11th

အပြုံးလေး (ပထမပိုင်း)

By lovealone

 

အပြုံးလေးတစ်ခုကို ခင်ဗျားတို့စွဲစွဲလမ်းလမ်းချစ်ခဲ့ဖူးကြသလား

 

ကျွန်တော့်ရဲ့အပြုံးလေးက

 

သေသပ်ပိရိတဲ့ နှုတ်ခမ်းပါးလေးတစ်စုံနဲ့

 

ကျွန်တော့်နှလုံးသားကို အမြစ်ကနေဆွဲနှုတ်နိုင်ခဲ့တယ်

 

ပန်းနုရောင်နဲ့ရွှန်းလဲ့ စွတ်စိုကာ

 

ကျွန်တော့်ရင်ကိုပင့်သက်ချလှိုက်မောစေခဲ့တယ်

 

အပြုံးလေး .........

 

သိပ်ချစ်တာပဲ အပြုံးလေးရယ်

 

 

 

 

 

 

အခိုးတွေ လွင့်မြောကာ မြူတွေရစ်သိုင်း နေပြီးစိမ်းညို့ ဖန်ကာအုံ့မှိုင်းနေသည့် ရှမ်းရိုးမကြီးကို ခပ်ဝေးဝေးမှမြင်နေရသည်။ လှပလှပေစွ သဘာဝတရားကြီးရယ်။ မနက်ခင်းစောနေသေးသဖြင့် နေမပွင့်သေးချေ။ နွေရာသီကုန်ကာစ မိုးရာသည်သို့ရောက်ခါနီး ကျောင်းဖွင့်ချိန် ဤရာသီဥတု၏ မနက်ခင်းအလှသည် သဘာဝတရာကြီး၏ ပြီးပြည့်စုံစွာ ခြယ်မှုန်းထားခြင်းခံထားရသဖြင့် ကျက်သရည်ရှိစွာလှပနေတော့ချေတည်း ဖြစ်လေသည်။ ချယ်ရီတွေ ဖူးပွင့်သည့်မြေ နှင်းတွေဖွဲဖွဲလှုပ် ကျတတ်သည့်မြေ အိုးစည်ဗုံမောင်းသံတွေ စည်စည်ညံနေတတ်သည့်မြေ  သည်မြေကိုကျွန်တော်ချစ်သည် မြတ်နိုးသည် တန်ဖိုးထားသည်။

 

ရှမ်းပြည်နယ်၏ ရိုးရာအစားအစာတွေကို ကြိုက်နှစ်သက်သည်။ ကျွန်တော်သည် အညာဒေသမှာမွေးဖွားခဲ့သည့် ဗမာတစ်ယောက်ဖြစ်လင့်ကစား ငယ်ငယ်ကတည်းက ရှမ်းပြည်နယ်မှာပဲ ကြီးပြင်းခဲ့သောကြောင့် ယခုဆိုလျှင် စကားပြောရင်တောင် ရှမ်းသံဝဲနေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ရှမ်းသွေးရောနေသည့် ဗမာတစ်ဦးကဲ့သို့ဖြစ်နေသည်။ ယခုကျွန်တော် ဆိုင်ကယ်တစ်စီးဖြင့် ဈေးထဲသို့သွားနေခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် ဟင်းချက်စရာတွေဝယ်မည်။ ထို့နောက် ကျွန်တော့်ရဲ့ တစ်ဦးတည်းသောမေမေ့ကို ကျွန်တော့်လက်ရာဟင်းတွေ ချက်ကျွေးမည်ဖြစ်သည်။ ဤသို့ဖြင့် မနက်ခင်းဈေးထဲသို့ ကျွန်တော်ရောက်ရှိသွားသည်။

 

 

မနက်ခင်းဈေးကြီးမှာ  ဆိုင်ခန်းတွေဖြင့်စနစ်တကျ တည်ဆောက်ထားခြင်းမဟုတ်ပေ။ မြေနီနီပေါ်တွင် သစ်သားခုံများ ဝါးတန်းလျားများဖြင့် ဖြစ်သလိုရောင်းချကြခြင်းသာ ဖြစ်သည်။ တစ်ချို့ဟင်းသီးဟင်းရွက်သယ်များသည် မြေကြီးပေါ်တွင် ငှက်ပျောရွက်ကလေးသာ ခင်းပြီးရောင်းကြသည်။ ဈေးထဲတွင်လူတွေ ကျိတ်ကျိတ်တိုးစည်ကားနေသည်။ တစ်နေရာအရောက်တွင် ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွားသည်။ ဈေးလည်ခေါင်တွင် အသားမဲမဲ ဂျင်တိုတိုတိုနှင့် လူတစ်ယောက်သည် မောင်းကြီးတစ်ခုကိုကိုင်ကာ တဒူဒူထုနေသည်။ ၄င်း၏အနီးတွင်တော့ ကြိမ်ကုလားထိုင်ခုံဖြင့် တရုတ်ဝဝကြီးတစ်ဦးထိုင်နေသည်။

 

"လာကြနော် လာကြ လာကြ.......ပစ္စည်းတွေဈေးပေါပေါနဲ့လေလံပစ်မယ် လာကြ လာကြ"

 

"ဒူ ဒူ ဒူ ဒူ ဒူ"

 

"လာကြနော် ပစ္စည်းတွေအလကားရသလိုကိုဈေးပေါတာ…… လေလံပစ်မယ်ဟေ့"

 

"ဒူ ဒူ ဒူ ဒူ ဒူ"

 

ကျွန်တော်စိတ်ဝင်စားသွားသည်။ ဘာပစ္စည်းတွေများလေလံပစ်မည်မသိပါ။ ထို့ကြောင့် သိချင်စိတ်ဖြင့်အနားသို့ တိုးကပ်သွားကြည့်လိုက်၏။ ပစ္စည်းတွေက စုံလင်လှသည် တရုတ်နိုင်ငံလုပ် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ၊ ကြွေထည်ပစ္စည်းတွေ ဖြစ်သည်။ အိမ်ရှင်မတွေ မျက်စိကျစရာပါပင်။ ကြော်ညာသူက ဆြော်သြမှုကောင်း၍လားမသိ ခဏလေးအတွင်းမှာပင် လူတွေပြည့်လျှံသွားသည်။ ကျွန်တော်ပင်အရှေ့သို့ ရောက်အောင်မနည်းတိုးကြည့်ရသည်။

 

"ဟောဒါလေးကတော့ လျှပ်စစ်မီးပူလေးပါ။ ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ တရုတ်မိတ်လေးပေါ့ဗျာ။ အပြင်မှာသွားဝယ်ရင် အနည်းဆုံးသောင်းဂဏန်းရှိပါတယ်။ ဟုတ်ကဲ့ခင်ဗျား ဒီမီးပူလေးကို ကြမ်းခင်းဈေးငွေနှစ်ထောင်နဲ့ လေလံပစ်ပါတယ်"

 

"သုံးထောင်ပေးပါတယ်"

 

"ဟုတ်ကဲ့ သုံးထောင်ပါတဲ့ခင်ဗျား"

 

"လေးထောင်ပေးမယ်"

 

"ဟော တစ်ယောက်ကလေးထောင်ပါတဲ့"

 

"လေးထောင့်ငါးရာ"

 

"ဒီ့ထက်ပိုပေးမယ့်လူရှိပါသေးလား ခင်ဗျား"

 

"ခြောက်ထောင်ပေးတယ်"

 

"ဟုတ်ကဲ့ ခြောက်ထောင်ထပ်ပိုပေးမယ့်သူ ရှိပါသေးလားခင်ဗျား"

 

ထိုလူက အာဘောင်အာရင်းသန်သန်ဖြင့် ပြောနေသည်မှာ တစ်ခါတစ်ခါ ၄င်းပါးစပ်ထဲမှ တံတွေးများစင်သည်အထိပင်။ ခြောက်ထောင်ပြီးနောက် မည်သူမှအသံထွက်မလာတော့ချေ။

 

"ဟုတ်ကဲ့ ခြောက်ထောက်တစ်ကြိမ် ခြောက်ထောက်နှစ်ကြိမ် ခြောက်ထောက်သုံးကြိမ်"

 

"ဒူ ဒူ ဒူ"

 

"အခုဆိုရင်ဖြင့်ခြောက်ထောင်ထပ်ပိုပေးမယ့်သူ မရှိတော့တဲ့အတွက် ဟော့ဒီကအမကြီးက ဂျပန်နည်းပညာ တရုတ်မိတ်လျှပ်စစ်မီးပူလေးကို ငွေခြောက်ထောင်နဲ့ ရရှိသွားပြီဖြစ်ပါတယ် ခင်ဗျား"

 

ထိုသူစကားဆုံးသောအခါ လူအုပ်ကြားထဲမှ မိန်းမဝဝတစ်ဦးထွက်လာကာ ငွေခြောက်ထောင်ပေးပြီး ပစ္စည်းကိုယူကာပြန်ထွက်သွားသည်။ ထို့နောက် လေလံဆော်သြသူက သေတ္တာတစ်လုံးကို ၄င်း၏ပစ္စည်းပုံထဲမှ ဆွဲထုတ်လာကာ သေတ္တာအဖုံး ကိုဖွင့်လိုက်ပြီး အထဲမှဘာမှန်းမသိသော အထုတ်လေးတစ်ခုကိုဆွဲထုတ်လာသည်။

 

"ဟောဒီပစ္စည်းလေးကတော့ ဘာပစ္စည်းမှန်းကျွန်တော်လည်းမသိပါဘူး။ ဒီပစ္စည်းလေးကို ငွေငါးရာနဲ့ပဲလေလံပစ်ပါတယ်"

 

"ဟေ့လူ ခင်ဗျားဟာကလဲ ဘာပစ္စည်းမှန်းမသိပဲနဲ့ လေလံပစ်နေရသေးလား"

 

နဘေးမှလူတစ်ယောက်က ထပြောလိုက်သောအခါ အနားရှိလူတွေအားလုံးဝါးကနဲ ပွဲကျသွားသည်။

 

"ဒါကတော့ ဟော ဟိုမှာထိုင်နေတဲ့ တရုတ်ကြီးကိုမေးကြပါ။ ကျွန်တော်က သူ့အလုပ်သမားပါ။ ဒါတွေအားလုံးသူ့ပစ္စည်းတွေပါ။သူပိုသိပါတယ်"

 

ထိုအခါထိုင်နေသော တရုတ်ကြီးသည် အနားသို့ထလာကာ ထိုလူ၏ လက်ထဲမှပစ္စည်းကို ပြန်လုယူလိုက်သည်။

 

"ဒီကောင် အားကီးလျှောက်လုပ်လယ်။ ဒီပစ္စည်းကိုဝမရောင်းပါဘူး။ ဒါမှားပြီးပါလာတာ ဝမိန်းမသုံးတဲ့ပစ္စည်း ရောင်းဖို့မဟုတ်ဘူး"

 

"ဟား   ဟား    ဟား    ဟား"

 

လူတွေအားလုံးဝါးကနဲ ထရယ်ကုန်ကြသည်။ ကျွန်တော်လည်းပြုံးလိုက်မိသည်။ လေလံပွဲက စိတ်ဝင်စားစရာမကောင်းတော့သဖြင့် ကျွန်တော်လိုအပ်သည်များ ဝယ်ရန်ချမ်းရန် ဈေးထဲသို့ပတ်ဖို့ဆုံးဖြတ်လိုက်သည်။ ထို့နောက် အနောက်သို့လှည့်ကာ ပြန်ရန်ပြင်လိုက်စဉ် တစ်စုံတစ်ခုနှင့် အမှတ်မထင်ဝင်တိုက်မိသွားသည်။

 

"အွန့်"

 

ကျွန်တော်ရုတ်တရက်လန့်ပြီး အနောက်သို့ယိုင်လဲသွားသည်။

 

"ဟာ ဆောရီးအကို ဆောရီး ဆောရီး"

 

ကျွန်တော်ခေါင်းကိုမော့ကြည့်လိုက်သည် ကျွန်တော့်ကိုတိုက်မိသောကောင်လေးကို မြင်လိုက်ရသောအခါ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ ကျွန်တော်နှင့်တိုက်မိသွားသောကောင်လေးက ကျွန်တော့်ကိုထူးထူးခြားခြား တောင်းပန်တာ ပြုံး၍တောင်းပန်နေသည်တဲ့။ သူ့ရဲ့အပြုံးလေးသည် ကျွန်တော့်ကို အံ့သြမင်သက်သွားလောက်အောင် ချိုမြိန်လွန်းလှသည်။ ထို့နောက်ထိုကောင်လေးက ကျွန်တော့်ကို လက်ကမ်းပေးပြီး ပြန်ထူပေးပါသည်။

 

"ရပါတယ်"

 

ကောင်လေး၏ မျက်နှာကိုကျွန်တော် စေစပ်စွာကြည့်မိသည်။ ကောင်လေးသည် ကျွန်တော်နှင့်အသက်ရွယ်တူခန့် ရှိမည်ဟုထင်ရသည်။ ကောင်လေး၏ မျက်ခုံးမှာမဲနက်နေကာ နဖူးပြင်အောက်တွင် ညီညာစွာရေးညိနေပြီး မျက်လုံးသည်လည်း မဟူရာရောင်တောက်ပနေသည်။ နှာတံလေးမှာလည်းစင်းနေပြီး လူငယ်ချောလေးတစ်ယောက်ပါပင်။ ကျွန်တော်ကြည့်ကောင်းကောင်းဖြင့်ကြည့်နေတုန်း ကောင်လေးကကျွန်တော့်ကို  ထပ်ပြုံးပြကာကျွန်တော့်ရှေ့မှ ထွက်ခွာသွားသည်။ ထိုကောင်လေးအပြုံးကို မြင်လိုက်တော့ ကျွန်တော့်ရင်ထဲ သိမ့်ကနဲဖြစ်သွားသည်။ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးပါပင်။ ကျွန်တော်ထိုကောင်လေးရဲ့ကျောပြင်ကိုကြည့်ကာ  ရင်ထဲတွင်သူ့ကိုနာမည်တစ်ခုပေးလိုက်မိသည်။ အပြုံးလေး.........ဟု။

 

 

                                   ************

 

မိုးလင်းတိုင်းလည်းမင်းစိတ်ပဲ++++++မိုးချုပ်တိုင်းလည်းမင်းစိတ်ပဲ+++++ခဏတော့ခွဲသွားမင်းမျက်နှာ ငါတစ်ကယ်ဦးညွတ်သွားပြီပဲ+++++++နောက်ထပ်မင်းနဲ့တွေ့ဆုံပါရစေ နောက်ထပ်မင်းနဲ့တွေ့ ခွင့်ရပါစေ+++++ဒီလိုအခွင့်ရေးမျိုးကိုလည်း အချိန်ရှိတိုင်းပဲစောင့်နေ+++++++ဘယ်သူဘယ်ကမှန်းလဲမသိပါ++++++++ဒီမျက်ဝန်းလေးထဲမှာ ငါတစ်ကယ်ကပ်ညိသွားလို့ မိမှာစိုးတယ်+++++++

 

"ဂျောက်......."

 

"အမေကလည်း နားထောင်တုန်းတန်းလန်းကြီး ပိတ်ပစ်ရသလား"

 

"နားတွေငြီးလှပါပြီသားရယ်  ဒီမှာင်္အကျီစညှပ်ရတာတောင်  အာရုံမလာတော့ဘူး"

 

 

ကျွန်တော်မေမေ့ကို မကြည်သလို တစ်ချက်စူပုပ်ပုပ်မျက်နှာဖြင့် ကြည့်လိုက်သည်။ စက်ချုပ်ဆရာမပီပီ မေမေသည် ပေကြိုးကြီးကိုလတ်တွင်ပတ်ထားကာ လုံချည်တွင်လည်း အပ်ချည်မွှေးတစ်ချို့ကပ်နေသည်။ မေမေသည်အိမ်၌ပင် စက်ချုပ်သည်။ မေမေ့လက်ရာကကောင်းမွန်သည်ကတစ်ကြောင်း ဆက်ဆံရေးကောင်းသည်ကတစ်ကြောင်းကြောင့် မေ့မေ့စက်ချုပ်လုပ်ငန်းသည် ကျွန်တော်တို့သားအမိနှစ်ယောက်အတွက် ဖူဖူလုံလုံနေနိုင်စားနိုင်သည်။ ယခုဆိုလျှင်မေမေ့တွင် စက်ချုပ်လာသင်သည့် တပည့်တပန်းများစွာဖြင့် တော်တော်ဟုတ်နေပြီဖြစ်သည်။

 

"ကဲမောင်ချစ်ရဲအောင် ရပ်ပြီးစူပုပ်ပုပ်ကြီး လုပ်မနေနဲ့ သုံးနာရီထိုးတော့မယ် ရေသွားချိုးချေတော့။ ခဏနေအဆောင်ကိုစာသွားသင်တော့မယ့်လူက အေးတိအေးစက်နဲ့ တစ်ကယ်တော်အံသြတယ်"

 

"အမေကလည်း အစောကြီးရှိပါသေးတယ်။ "

 

"အမေကလည်းတွေဘာတွေလုပ်မနေနဲ့ သွားလုပ်စရာရှိတာလုပ်တော့ တစ်နေ့တစ်နေ့ ငါ့မှာနားတွေညီးလိုက်တာဆိုတာဟာလေ ဒီကတ်ဆက်ကြီးကို ရောင်းပစ်ဦးမယ် နားညီးသက်သာအောင်လို့"

 

မေမေအ့ကြောင်းသိနေသည်မို့ ကျွန်တော်ဘာမှမပြောတော့ဘဲ ရေချိုးရန်ထွက်လာခဲ့သည်။ မေမေကပူညံပူညံ လုပ်ပြီဆိုလျှင် ပြောလို့မပြီးတော့ချေ။ ကျွန်တော့်တွင် သည်အမေတစ်ယောက်သာရှိတော့သည် အမေတင်ခုသားတစ်ခုဆိုလျှင်လည်းမမှားပါ။ ၂၀၀၈ခုနှစ်တွင်ကျွန်တော် ဆယ်တန်းအောင်သည်။ ဆယ်တန်းအောင်ပြီးတော့ အလုပ်လုပ်ချင်သေးသဖြင့် အဝေးသင်သာယူခဲ့သည်။ ယခုတော့ ကျွန်တော်တက်ခဲ့သည့် ဆယ်တန်းဘော်ဒါဆောင်မှ study guide ပြန်ခေါ်သဖြင့် အလုပ်မှာမတွေ့သေးသည်ကတစ်ကြောင်း ဣနြေ္ဒရရသိက္ခာရှိရှိလုပ်ရသည်ကတစ်ကြောင်းကြောင့် ပိုက်ဆံရသည်မရသည်ကိုအဓိကမထားဘဲ guideလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သည်နေ့ဆိုလျှင်တစ်ပင်ပြည့်တော့မည်လေ။

 

 

ရေချိုးခန်းထဲရှိ ရေပန်းခလုတ်ကို ဖွင့်လိုက်သည်။ တဝေါဝေါကျလာသော ရေမှုံရေမွှားတွေအောက်သို့  ကျွန်တော်ခေါင်းဝင်ကာ စိမ်ပြေနပြေချိုးနေလိုက်သည်။ ရေချိုးပြီးသွားသောအခါ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ကာ အိမ်မှထွက်လာခဲ့သည်။ ဆရာဆိုတော့ လူကိုမြင်လိုက်ရုံနဲ့ သန့်ပြန့်နေမှ လူလေးစားမည်လေ။ ကျွန်တော် တစ်ချက်ပြုံးလိုက်ရင်း ဆိုင်ကယ်ကိုဂီယာချိန်းကာ လီဗာတင်လိုက်ပြီး အရှိန်မြှင့်မောင်းနှင်လာခဲ့သည်။

 

အဆောင်ကိုရောက်တော့ တပည့်မလေးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။

 

"ဆရာကအခုမှလာတယ် ဟိုမှာဧည့်သည်ရောက်နေတယ် အဆောင်အပ်မလို့တဲ့ စောင့်ခိုင်းထားရတာကြာပေါ့"

 

"ဟုတ်လား ဆရာမရှိဘူးလား"

 

ကျွန်တော်တို့အဆောင်က အော်ဒါအုပ်ကိုဆိုလိုခြင်းဖြစ်သည်။

 

"မရှိဘူးဆရာရဲ့ သူ့ကလေးနေမကောင်းလို့တဲ့ ဆေခန်းသွားပြတယ်"

 

"ဒါဆို ကျောင်းသားတွေကိုပြောလိုက် ခဏနေသင်္ချာဆရာလာတော့မယ် စာအုပ်ထုတ်ပြီးအဆင်သင့်လုပ်ထားလို့။ method တွေပေးထားတာလဲ အလွတ်ရအောင်ကျက်ထားကြလို့။ ဆရာဧည့်သည်တွေနဲ့ သွားစကားပြောလိုက်ဦးမယ်"

 

"ဟုတ်ကဲ့ဆရာ"

 

ကျွန်တော်တို့ အဆောင်လေးသည် သာမာန် ရိုးရိုးအဆောင်လေးသာဖြစ်သည်။ အဆောင်တွင်စာပြသည့် ဆရာအချို့ကို ပြင်ပမှငှါးရမ်းထားခြင်းဖြစ်ပြီး အဆောင်တွင် ကျောင်းသားကျောင်းသူတွေနှင့် ကိုယ်ဖိရင်ဖိရှိနေတတ်သည်က ကျွန်တော်ရယ် ဂိုက်ဆရာမတစ်ယောက်ရယ်နှင့်ဘော်ဒါအုပ်ဆရာသာရှိသည်။ ကျွန်တော်ကိုယ်တိုင်က  သည်အဆောင်မှအောင်လာသည် ဖြစ်သောကြောင့် ဘော်ဒါအုပ်ဆရာနှင့်လည်းမိသားစုလို ဖြစ်နေသည်။ထို့ကြောင့်ဆရာမရှိသည့် အခါများတွင်ကျွန်တော်က ဆရာ့ကိုယ်စားအဆောင်ကိစ္စတွေကို ဝင်လုပ်ပေးရသည်။ ကျောင်းသားသစ်လက်ခံရန် စာရွက်စာတမ်းတစ်ချို့ စားပွဲအံဆွဲထဲမှယူလိုက်ပြီး ဧည့်ခန်းထဲသို့ လျှောက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ရောက်သော် အသက်လေးဆယ်ခန့်လူကြိဲးတစ်ဦး နှင့်ကောင်လေးတစ်ယောက်ထိုင်နေသည်။

 

" စောင့်နေရတာ ကြာနေပြီလား။ အားနာလိုက်တာဗျာ။ ဘော်ဒါအုပ်က ကလေးနေမကောင်းလို့ ဆေးခန်းသွားပြတယ်ဗျ။ အခုလောလောဆယ်တော့ ကျွန်တော်နဲ့ပဲ အကြမ်းဖျင်းပြောထားနိုင်ပါတယ်"

 

ကျွန်တော့်စကားဆုံးတော့ ထိုလူကြီးက ကျွန်တော့်ကိုကြည့်ပြီး ပြောသည်။

 

"သားက........"

 

"ဪ ကျွန်တော်က ဒီကguideဆရာပါ "

 

"ဪ ဟုတ်လားငယ်ငယ်လေးရှိသေးတာပဲ။ ဒီလိုပါကွယ်ဦးသားက မနှစ်ကစာမေးပွဲမှာ ကျန်းမာရေးကြောင့် ဖြေတုန်းတန်းလန်းကြီး နားလိုက်ရတယ်။ အဲ့ဒါresult မထွက်သေးပေမယ့် မအောင်တော့ဘူးဆိုတာ သိနေတယ်လေ။ ဒါကြောင့်မိုလို့ စောစောစီးစီးကျုရှင်အပ်တဲ့သဘောမျိုးပါ"

 

"ဟုတ်ကဲ့ ရပါတယ်ဦး ကျုရှင်ဈေးကိုတော့ မနက်ဖြန်ကျမှပဲ ဆရာနဲ့ဆွေးနွေးပါဦး။ ကျောင်းသားကိုတော့ ကျွန်တော်နဲ့ပဲအပ်ခဲ့ပါ။"

 

"ကောင်းပါပြီသားရယ်"

 

ကျွန်တော်လက်ထဲမှာရှိတဲ့ ဖောင်တစ်ချို့ကိုသူတို့ရှေ့သို့ချပေးလိုက်သည်။ ကျောင်းသားသစ်ကလေးကို ကျွန်တော်အခုမှကြည့်မိသည်။ မနေ့က ကျွန်တော်နှင့်ဈေးထဲတွင် အမှတ်မထင်ဝင်တိုက်မိသွားသည့်ကောင်ကလေး။ ကျွန်တော့်ကိုပြုံးပြီးတောင်းပန်သည့် အပြုံးလေးပင်ဖြစ်သည်။ ကျွန်တော့်ရင်ထဲ သူ့ကိုမြင်လိုက်ရတော့ လှိုက်ကနဲဝမ်းသာသွားသည်။ ကောင်လေးသည်ကျွန်တော့်ကိုမြင်လိုက်သောအခါ အံ့သြသွားသည့်ဟန်ဖြင့် မျက်ခုံးပင့်ပြသည်။ ထို့နောက် ဘယ်ဖက်ပါးမှပါးချိုင့်လေးပေါ်အောင် ပြုံးလေသည်။ ကောင်လေးသည် ရှပ်င်္အကျီဝါဖျော့ဖျော့လေးကိုဝတ်ဆင်ထားပြီး ဂျင်းသားအနက်ရောင်စိုစိုကိုတွဲဝတ်ထားသည်။ အသားအရေမှာ မဖြူလွန်းသော်လည်း ကြည့်ပျော်ရှုပျော်ရှိသည်။

 

ဖောင်ထဲတွင် စာရေးနေသောကောင်လေးကို ကျွန်တော်အသက်ရှုဖို့မေ့ပြီး ငေးကြည့်နေမိသည်။ ဆံပင်အတိုကို ဂျယ်ဖြင့်ထောင်ထားပြီး ဘယ်ဖက်နားတွင် စိန်ပွင့်သဏ္ဌာန်နားကပ်သေးသေးလေးကို တပ်ထားသေးသည်။ ကောင်လေးက ဖောင်ဖြည့်လို့ပြီးသွားသောအခါ ကျွန်တော့်ကိုကမ်းပေးသည်။ ကျွန်တော်သိချင်ဇောဖြင့်ကောင်လေးနာမည်ကို ဖောင်ထဲတွင်လှန်ကြည့်လိုက်၏။ အမည်ဟူသောနေရာတွင် ဖြည့်ထားသည့် ကောင်လေး နာမည်က ဇင်မင်းသူတဲ့။

 

 

                                ***********

 

"အီကိုမှာ အခန်းခြောက်ခန်းရှိတယ် အဲ့ဒီ့ခြောက်ခန်းထဲက သုံးခန်းကိုပိုင်ရင် ဂုဏ်ထူးမထွက်ရင်တောင် အောင်မှတ်ကတော့ပြေးမလွတ်ဘူး။ တွက်ပုစ္ဆာက ဆယ်မှတ်ဖိုးပါတယ်။ ကျက်စာမပိုင်တဲ့သူတွေက တွက်စာဖြေလို့ရတယ်။ ကွက်လပ်ဖြည့်နဲ့မှားမှန် ကအမှတ်နှစ်ဆယ်ဖိုးပါတယ်။ ကျန်တာကတော့ ဆယ်မှတ်တန်နဲ့ နှစ်ဆယ်မှတ်တန်ကို အခန် ၁,၃,၅, နဲ့ ၂,၄,၆, ထဲကမျှပြီးမေးသွားတယ်။ ဒီလောက်ဆိုရင်မေးခွန်းကို သဘောပေါက်လောက်ရောပေါ့။"

 

"ဟုတ်ကဲ့ဆရာ ပေါက်ပါပြီ။"

 

"နောက်ပြီးတော့ definition တွေလည်းကျန်သေးတယ်။ အဲ့ဒါလည်း မျှပြီးမေးတာပဲ။ မေးခွန်းဟောင်းစာအုပ်တွေမှာ မေးခွန်းပုံစံတွေရှိတယ်။ လေ့လာကြည့် နားမလည်ရင် ဆရာ့ကိုထပ်မေးပေါ့ ဟုတ်ပြီလား"

 

"ဟုတ်ကဲ့ပါဆရာ"

 

ကျောင်းသားတစ်ယောက်က ကျွန်တော့်ကိုEcoမေးခွန်းအကြောင်း မေးနေသဖြင့်စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေရသည်။ guideဆရာဟုဆိုသော်လည်း ကျွန်တော်သည် ကျောင်းသားတွေနှင့် မတိမ်းမယိမ်းသာရှိသည်။ နှစ်ကျသမားများထပ်ရောက်လာပါက ကျွန်တော့်ထက်အသက်ကြီးသည့် သူတွေပါချင်ပါလာနိုင်သည်။ ကိုယ့်ထက်အသက်ကြီးသည့် သူကဆရာဟုခေါ်မှာကိုတော့ ကျွန်တော်နည်းနည်း ကြက်သီးထချင်သည်။ ဆယ်တန်းguideလုပ်ရသည်မှာလွယ်တော့ မလွယ်ပါ။ ကိုယ်ကိုယ်တိုင်လုပ်ကြည့်မှ မည်မျှခက်ခဲသည်ကို နားလည်လာသည်။ ကျောင်းသားကိုစာရှင်းပြပြီး ထိုင်ခုံမှထရန်ပြင်လိုက်စဉ် ကလစ် ဆိုသောဓာတ်ပုံရိုက်သံလေးကို အမှတ်မထင်ကြားလိုက်သည်။

 

ကျွန်တော့်ကို ဘယ်သူကများ ဓာတ်ပုံခိုးရိုက်လိုက်ပါလိမ့်။ ဓာတ်ပုံက မီးမလင်းပဲအသံသာကြားရသည်ဆိုတော့ ဖုန်းနှင့်ရိုက်တာဖြစ်ရမည်။ ဘယ်သူပါလိမ့် ကျွန်တော်တရားခံကို ရှာဖွေကြည့်မိသည်။ ညစာကျက်ချိန်ဖြစ်၍ ကျောင်းသား/သူတွေက အေးအေးဆေးဆေး စာလုပ်လျှက်ရှိကြသည်။ မိန်းကလေးတွေတော့ မဖြစ်နိုင်ပါ။ မိန်းကလေးခုံများမှာ ကျွန်တော့အရှေ့တွင်ရှိသောကြောင့် ကျွန်တော်မြင်နေရသည်။ ယောကျာ်းလေးတွေဆီက ဖြစ်နိုင်သည်။

 

ကျွန်တော်လှည့်ပတ်ပြီးရှာဖွေကြည့်သည်။ သို့သော် မတွေ့။ ဇင်မင်းသူတို့ထိုင်သည့် ခုံနားသို့ရောက်သောအခါ ကျွန်တော်ဆက်မရှာဘဲ ဇင်မင်းသူကိုကြည့်နေလိုက်သည်။ ကျောင်းသားသစ်ဖြစ်သောကြောင့် ခေါ်ဖော်ပြောဖော် မရှိဘဲ တစ်ယောက်ထဲစာထိုင်လုပ်နေသည်ကို တွေ့ရသည်။ သူ့ကိုကျွန်တော်ငေးကြည့်နေတုန်း သူဦးမော့လာသည်။ ထို့နောက်ရုတ်တရက် ကျွန်တော်နှင့်အကြည့်ချင်းဆုံသွားသည်။ သခိုးလူမိသလို ချက်ချင်းကြီးကျွန်တော်ခိုးကြည့်တာ ပေါ်သွားသဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ ရှက်သွားမိသည်။ ကောင်လေးက ကျွန်တော့်ကိုကြည့်ပြီးပြုံးပြသည်။

 

စူးနင့်စွာကြွေလွင့်သွားခဲ့သည်။ ကျွန်တော်သည် အပြုံးတစ်ခုအောက်တွင် ရက်ရက်စက်စက် ကြွေလွင့်ခဲ့ပါသည်။ အပြုံးလေးအဆောင်ကို စတင်ရောက်လာသည့်နေ့မှ စ၍ ကျွန်တော်သည် အပြုံးတစ်ခု၏ ချိုမြိန်ခြင်းအောက်တွင် မိန်းမောသာယာနေခဲ့သည်။ ကျွန်တော်ရင်ခုန်သံတွေမြန်သထက်မြန်လာသည်။  သူ့ကိုအားနာပါးနာဖြင့်ပြန်ပြုံးပြလိုက်ပြီး အနောက်သို့လှည့်ကာ ရှောင်လွဲမည်အပြု တိုးညှင်းအေးမြ ချိုသာသည့်ခေါ်သံလေးထွက်ပေါ်လာသည်။

 

"guide ဆရာလေး"

 

ကျွန်တော် ရုတ်တရက် မှင်သက်သွားသည်။ guide ဆရာလေးတဲ့။ နားဝင်ချိုလှပါဘိ။ ကျွန်တော်ပြန်လှည့်ကြည့်လိုက်သည်။

 

"လာပါဦးဗျာ စာမေးချင်လို့"

 

ကျွန်တော် သူ့အနားသို့လျှောက်သွားလိုက်၏။ အနားသို့ရောက်သောအခါ သူ့နဘေးတွင်ဝင်ထိုင်လိုက်သည်။ ကောင်လေးဆီမှ ခေါင်းလိမ်းဆီနံ့က သင်းနေသည်။ အနားရောက်မှ ပိုပြီးချစ်ဖို့ကောင်းမှန်း သတိထားမိသည်။ ကျွန်တော်ဒူးတွေပင် မခိုင်ချင်တော့။

 

 

"ဘာမေးမလို့လဲ"

 

"ဟိုဒီပုစ္ဆာမတွက်တတ်လို့ ကျွန်တော့်ကိုတွက်ပြပါလား"

 

ကျွန်တော်သူပြသည့် စာကိုကြည့်လိုက်သည်။ ပုစ္ဆာကလွယ်လွယ်လေးပါပင်။ ဒါကိုမတွက်တတ်ဘူးဟုပြောနေသည်။

 

"ဒီပုစ္ဆာက လွယ်လွယ်လေးပါပဲ။ chapter တွေမှာ example ပြထားတဲ့ပုစ္ဆာလောက်တောင် မခက်ပါဘူး။ ကျွန်တော် အဲ့ဆရာတွက်ပြမယ် သေချာကြည့်နော်"

 

"ဟုတ်ကဲ့ပါ"

 

ကျွန်တော်သူ့ကိုကြည့်လိုက်မိသည်။ ပြောင်ချော်ချော် မျက်နှာဖြင့်ကျွန်တော့်ကို ပြုံးကြည့်နေသည်။ တစ်ကယ်မတွက်တတ်တာရော ဟုတ်ရဲ့လားမသိပါ။

 

"အရင်ဆုံး ညီမျှခြင်းထိုးမယ်ပြီးရင် ဒီနှစ်ထပ်ကိန်းတွေကိုအရင်ရှင်းရမယ်။ root တင်ထားတဲ့ဟာတွေကို log ကြည့်လိုက်ပြီးရင် ကြက်ခြေခတ်မြှောက်ပြီး ကွင်းတွေဖြုတ်လို့ရပြီ"

 

ကျွန်တော်ပြောပြီးပြန်မော့ကြည့်လိုက်သည်။ ဘုရားဘုရား သူစာကိုမကြည့်ပဲ ကျွန်တော့်ကိုမေးထောက်ပြီးကြည့်နေသည်။ ကျွန်တော်ခြေဖျားလက်ဖျားတွေ အေးစက်လာ၏။

 

"စာကိုကြည့်လေ"

 

"ဟုတ်ကဲ့"

 

"ကျောင်းသားသစ်ကလေးကတော့ နာတော့မယ်"

 

"ဆရာလေးကလည်း ဟီးဟီး"

 

"ကွင်းတွေဖြုတ်ပြီးသွားရင်  ဒီမှာကြည့် နောက်တစ်ဆင့်က......"

 

"ဆရာလေးက ဒီမှာအိပ်တာလား"

 

"အင်.......မဟုတ်ပါဘူး အိမ်မှာပြန်အိပ်တာပါ။ ဘာဖြစ်လို့လဲ"

 

"ဘာမှမဖြစ်ပါဘူး မေးကြည့်တာပါ။ ဟိုတစ်နေ့က ဈေးထဲမှာကျွန်တော်နဲ့တိုက်မိသွားတာ ဆရာလေးမိုလား"

 

"ဟုတ်ပါ့ဗျာ။ ခင်ဗျားလေးကိုတစ်ကယ်မမြင်လို့ပါဗျာ။ လျှော်ကြေးတောင်းမလို့လား"

 

"ဟားဟား မဟုတ်ပါဘူး………. ဆရာလေးကခင်ဖို့ကောင်းသားပဲ"

 

"အင်း……… နောက်စာမရလို့ရိုက်မှ ကြောက်ဖို့ကောင်းတယ်ဖြစ်နေဦးမယ်။ ကဲကဲ ဒီပုစ္ဆာလွယ်တယ် တွက်ကြည့်ပါဦး"

 

"ဟုတ်ကဲ့ ဆရာလေး"

 

ထို့နောက် သံလိုက်ဓာတ်လို ညို့နိုင်လွန်းသည့်သူ့အနားမှ ထွက်လာခဲ့သည်။ ကိုယ့်ကို အပြုံးနုနုလေးတွေနဲ့ မျှားမလို့လားကောင်လေးရယ်။ မင်းအပြုံးမှာကိုယ့်နှလုံးသား ညိပါသွားရင် တစ်သက်လုံးတာဝန်ယူကြေးနော်…………………

                              

                               **********

 

တစ်ပတ်ခန့်ကြာလာသောအခါ ကျွန်တော်နှင့်အပြုံးလေးသည် အတော်လေးရင်းနီးမှုရခဲ့သည်။ မယုံနိုင်အောင်ပဲ သူ့ဖက်ကကျွန်တော့်ကို သူများတွေထက်ပိုပြီး လိုလိုလားလားဆက်ဆံသဖြင့် ကျွန်တော်တို့နှစ်ယောက်သည် သာမာန်ဆရာတပည့်နှစ်ဦးလို မဟုတ်ဘဲ သူငယ်ချင်းတွေလိုဖြစ်နေသည်။ တစ်ခါတစ်လေကျလျှင် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်းတူညီနေတတ်တာကိုလည်း ကျွန်တော်အံ့သြခဲ့ရသည်။ ကျွန်တော်လည်း အဆောင်ကိုခါတိုင်းထက်ပိုစော၍ သွားနေတတ်သည်။ စာသင်ရသည်မှာလည်း ခါတိုင်းထက်ပိုပြီးရွှင်ရွှင်လန်းလန်းဖြစ်နေသည်။ အရာရာဟာ ကျွန်တော့်အတွက် သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုလိုပဲ ချိုမြိန်နေပါသည်။ ကြာတော့ မေမေကပင်ရိပ်မိလာသည်။ ညစာစားချိန်ရောက်သောအခါ မေမေကကျွန်တော့်ကိုပြောသည်။

 

"ငါ့သားလေးက အခုတစ်လော တယ်ချောနေပါလား။ အဆောင်ကိုသွားရင်လည်း သန့်ပြန့်နေတာပဲ ရုပ်ရှင်မင်းသားရှုံးလောက်တယ်"

 

မေမေက ဟင်းတွေထည့်ပေးရင်းပြောနေသည်။

 

"အမေ့သားပဲလေ အမေနဲ့တူလို့ချောနေတာနေမှာပေါ့"

 

"မဟုတ်ပါဘူး သားကိုအမေအခုတစ်လောမှ သတိထားမိသလိုပါပဲ။ ဪ ဒါနဲ့သားသူငယ်ချင်းတစ်ယောက်လေ ဟိုနေ့ကအမေနဲ့ဈေးထဲမှာတွေ့တယ် အမယ်သူကကောင်မလေးတစ်ယောက်နဲ့တော့ သိလား"

 

"ဟုတ်လား ဘယ်သူလဲအမေ"

 

"နေပါဦး နာမည်းက ပါစပ်ဖျားလေးတင်မေ့နေတယ်"

 

"ဥက္ကာစိုးလားအမေ"

 

"အေးအေးဟုတ်တယ် သူတို့နှစ်ယောက်ကို under close ဆိုတဲ့အအေးဆိုင်မှာတွေ့ခဲ့တယ် သိလား"

 

"under cloud ပါအမေရယ်။ ဥက္ကာကရည်းစားတွေတောင်ရနေပြီကိုး"

 

"ဪ သိပါဘူး ငါတော့ပါးစပ်ဖျားမှာ under close လို့ပဲဆွဲနေတာ။ နင်ကောဘယ်တော့လဲ"

 

ကျွန်တော်ရယ်ချင်သွားသည်။ ထို့နောက် ထမင်းလုပ်ကို ရေသောက်ပြီးမျှောချလိုက်သည်။ အမေ့အတွက် သားတစ်ယောက်အပိုရအောင်ရှာနေပါတယ် ဟုပြောလိုက်လျှင် အမေဘယ်လိုနေမည်မသိပါ။

 

"မရှိသေးပါဘူးအမေရယ် ရည်းစားဆိုလို့မူးလို့တောင် ရူစရာမရှိဘူး"

 

"ရှိရင်အမေ့ကိုပြနော်သား"

 

 "အင်းပါအမေရယ်။ အမေno money in the pocket ဆိုတာသိလား"

 

"ဟင့်အင်း ဘာကြီးတုန်း"

 

ကျွန်တော်တစ်ချက်ရယ်လိုက်ပြီး အိပ်ကပ်ကိုလက်ညိုးထိုးကာ

 

"အိပ်ကပ်ထဲမှာ ပိုက်ဆံမရှိတော့ဘူးတဲ့ အမေရဲ့။ သားကိုမုန့်ဖိုးလေးမစပါဦး။ ဘိုင်ပြက်နေတယ်အမေရဲ့ ဆိုင်ကယ်ဆီဖိုးတောင်မရှိတော့ဘူး။ ဖုန်းကဒ်လည်းပိုက်ဆံကုန်တော့မယ် "

 

 

မေမေကကျွန်တော့်ကို ခပ်ဆဆလေးမျက်စောင်းထိုးလာသည်။ ထို့နောက်သားအမိ နှစ်ယောက်ရဲ့ရယ်သံတွေဖြင့် ညစာထမင်းဝိုင်းလေးသည် သာယာစိုပြေသွားခဲ့သည်။ စားလို့သောက်လို့ပြီးသွားသောအခါ မေမေ့ကို ပန်းကန်တွေကူသိမ်း ပေးရင်း စကားစမြည်ပြောကာ အချိန်ကုန်သွားခဲ့သည်။ ထို့နောက်ကျွန်တော် အိပ်ယာဝင်ခဲ့သည်။ အိပ်ယာထဲတွင် အိပ်မပျော်သေးသည်နှင့် စိတ်ကူးတွေဖြန့် ကြန့်ရင်းအတွေးတွေ နယ်လွန်နေမိသည်။ ကောင်လေး ကျွန်တော့်ရဲ့ အပြုံးလေးအကြောင်းက ရုတ်တရက်ခေါင်းထဲရောက်လာသည်။ သူ့အကြောင်း စဉ်းစားမိလိုက်ပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ဘယ်ဖက်ရင်အုံက နွေးထွေးလာပြီး ညှင်းသဲ့သဲ့ရင်ခုန်သံတွေ စတင်တိုးဝှေ့ရိုက်ခတ်လာပါတော့သည်။

 

 

တော်တော်ချိုမြိန်သည့်ကောင်လေး တစ်ယောက်ပါပဲဟု ကျွန်တော့်စိတ်ထဲ ဇွတ်အတင်းအမှတ်တွေပေးနေမိသည်။ ကာရန်မဲ့ တိမ်လွှာစိမ်းစိမ်းကြီးတွေအောက်က ပင့်သက်ချ စမ်းချောင်းငယ်လေးတစ်ခုလို ကောင်လေးရဲ့  ဆွတ်ပျပျသကာရည်တွေ ရောစပ်ထားတဲ့ အပြုံးလေးအောက်မှာ ကျွန်တော်ရူးမိုက်စွာ တသွင်သွင်စီးဆင်းနေမိပါပြီ။ မွတ်ဖန့်နေတဲ့ သူ့မျက်နှာပြင်လေးကို စိတ်ကူးနဲ့တွေးကြည့်ရုံနဲ့ပင် ကျွန်တော့်ရင်ထဲတွင် ရင်ခုန်သံရထားကြီးက တဒုန်းဒုန်း တဝုန်းဝုန်း ကျယ်လောင်စွာ ခုတ်မောင်းနေပြီဖြစ်သည်။ ဝီလျှံတဲလ်ရဲ့ မြှားချက်တွေလိုပဲ သူ့အပြုံးတစ်ခုဖန်ဆင်းလိုက်တိုင်း ကျွန်တော့်ရင်ထဲကို လာရောက်ထိမှန်သည့် မျှားတွေက အညတရအဆိပ်တွေနဲ့ ကျွန်တော့်နှလုံးသားကို မူးမေ့နေစေသည်။

 

ကျွန်တော်သူ့ကိုသိပ်ချစ်နေမိပြီဗျာ.............

 

 

 

                                 ************

 

 

အချစ်ဆိုတာ ဂန္တဝင်မြောက် ပန်းချီကားတစ်ချပ်လိုပဲ

 

ချစ်တဲ့သူက ပန်းချီရေးဆွဲသူပေါ့

 

အချစ်ခံရတဲ့သူကတော့ ပန်းချီကားလေးတစ်ချပ်ပေါ့

 

တစ်ခါတစ်လေမှာ အချစ်က အနုပညာဆန်နေတတ်တယ် ခင်ဗျားတို့သိကြလား

 

 

 

အဆောင်ရှိ ကျောင်းသား/သူတွေ ကျောင်းသွားကုန်ကြသည်။ စာကျက်ခန်းထဲတွင် ကျွန်တော်နှင့်သူ နှစ်ယောက်ထဲသာရှိနေသည်။ သူကအပြင်ဖြေ ဖြစ်သောကြောင့် ကျောင်းမတက်ရပါ။ အခုလောလောဆယ်တော့ အဆောင်တွင်သူတစ်ယောက်ထဲသာ အပြင်ဖြေရှိသဖြင့် တစ်ဆောင်လုံးတွင် ကျွန်တော်တို့နှစ်ယောက်တည်းသာ။ ဆရာကလည်း နေ့လည်ခင်း တစ်ရေးတစ်မော အိပ်နေသည်။ ကျန်သည့်guide ဆရာမလေးကလဲ အိမ်ပြန်သွားချေပြီ။ ကျွန်တော်နှင့်ခပ်လှမ်းလှမ်းရှိ စားရေးခုံပေါ်တွင် သူစာလုပ်နေသည်ကို ကျွန်တော်ငေးကြည့်နေမိသည်။ ထိုအခိုက် ကျွန်တော်ခိုးကြည့်တာကို သိနေသည့်အလား သူမော့ကြည့်လာသည်။ ရုတ်တရက်မျက်ဝန်းခြင်းဆုံတော့ ကျွန်တော် ခြေမကိုင်မိလက်ရကိုင်မိဖြစ်သွားသည်။ ကျွန်တော့်ပုံစံကိုကြည့်ပြီးသူက ပြုံးသည်။ ထိုသို့ပြုံးလိုက်တိုင်း ကျွန်တော်ထိုအပြုံးလေးအောက်မှာ တိမ်းညွတ်မိရသွားသည်ချည်းသာ။

 

ကျွန်တော်သူ့ကို ရင်ဆိုင်ကြည့်မနေတော့ပဲ ခေါင်းကိုငုံ့လိုက်ပြီး စားပွဲပေါ်ရှိ text book  ကြီးကိုဟိုလှန်သည်လှန်လုပ်နေလိုက်သည်။ ခဏကြာတော့ ကျွန်တော့်ထံလျှောက်လာသော သူ့ခြေသံကိုကြားရသည်။

 

"ဆရာလေး အိမ်မပြန်ဘူးပေါ့"

 

"ခဏနေမှပြန်မယ်"

 

"နံပါတ်ပြော"

 

"ဟင်"

 

"ဆရာလေးဖုန်းနံပါတ်"

 

"၀၉/---------------"

 

ကျွန်တော်ပြောလိုက်သည်နှင့် သူကဂျင်းဘောင်းဘီထဲမှ ဖုန်းကိုထုတ်ကာ ကျွန်တော့်ဖုန်းနံပါတ်ကို သွက်လက်စွာနှိပ်လိုက်ပြီး missed call ခေါ်ကာပြန်ချလိုက်သည်။

 

" ဆရာလေးအားရင် ကျွန်တော့်အိမ်လိုက်လည်ပါလား။ "

 

"ဒီနေ့တော့မအားသေးဘူး နောက်ရက်မှလိုက်လည်မယ်လေ။ အိမ်မှာအမေကတစ်ယောက်ထဲဆိုတော့ အိမ်အလုပ်တွေငါပဲလုပ်ရတာ။ "

 

အမှန်တစ်ကယ်တော့ ပြောသလောက်မဟုတ်ပါ။ တစ်ခါတစ်ရံမှသာ မေမေ့ကိုဟင်းချက်ကျွေးတာမျိုး လောက်လုပ်ခြင်းဖြစ်သည်။ အိမ်မှုကိစ္စအဝဝကို မေမေကသာ ထောင့်စေ့အောင်လုပ်နေကြပင်။ သို့ပေမယ့် သူ့ကိုကျွန်တော်ညာလိုက်သည်။ ဘာကြောင့်မှန်းမသိပါ။

 

"ဆရာလေးတို့အိမ်ကို ကျွန်တော်လိုက်လည်ချင်တယ် ရမလား"

 

ရုတ်တရက်ကျွန်တော်ဘာပြောရမှန်းမသိတော့။ ကြောင်အမ်းအမ်းဖြစ်သွားရင်း သူ့မျက်နှာကို ငေးကြည့်နေမိသည်။ ကျွန်တော့်အိမ်ကိုလိုက်လည်မည်တဲ့ ကျွန်တော်ဘယ်လိုပြောရမှာပါလိမ့်။ သူနဲ့အတူရှိနေချိန်တွင် အမြဲတမ်းရင်တုန်ပန်းတုန် ဖြစ်နေတတ်သည့်ကျွန်တော်က သူ့ကိုအိမ်ခေါ်သွားပါက မတော်လို့မေမေရိပ်မိသွားလျှင် အသက်နဲ့ကိုယ်အိုးစားကွဲရချည်ရဲ့။

 

"ဟို မင်း အင်း မင်းစာကျက်ပျက်နေမှာပေါ့။ သဘက်ခါကျရင် chemistry ဖြေဖို့ပြောထားတယ်မိုလား။ "

 

"ဆရာလေးကလည်း ခဏလေးလည်တာပဲကိုလိုက်လည်မယ်နော် နော်ဆရာလေး"

 

သူရဲ့အပြောအောက်မှာ ကျွန်တော်ယိုင်လဲတိမ်းညွတ် သွားပါသည်။ သို့ပေမယ့် ကျွန်တော့်ကို သတ္တိမရှိဘူးဟုပဲပြောရမလား သရဲဘောကြောင်တယ်ဟုပဲ ပြောရမလားမသိပါ။ ကျွန်တော်သူ့ကိုအိမ်ခေါ်လည် ဖို့လေးတောင်မဝံ့ရဲခဲ့။

 

"ဆရာ့အိမ်မှာက စက်ချုပ်သင်တဲ့ကောင်မလေးတွေ အများကြီးနဲ့ မင်းနေရထိုင်ရခက်နေမှာပေါ့။ တင်္နဂနွေ နေ့ရောက်မှလိုက်လည်လေ။ အဲ့ဒီအချိန်ဆို သူတို့မရှိဘူး အေးအေးဆေးဆေး လာလည်လို့ရတာပေါ့။ မဟုတ်ဘူးလား"

 

သူ့မျက်နှာလေးညိုးနွမ်းသွားသည်။ ကျွန်တော်စိတ်တော့မကောင်းပါ။ ကျွန်တော့်စကားကို ပြင်ပြီးခေါ်ဖို့စဉ်းစားကြည့်သေးသည်။ သို့ပေမယ့်ဘာကြောင့်မှန်းမသိ ကျွန်တော့်နှုတ်က ထွက်မလာခဲ့ပါ။ ကျွန်တော့်ရှေ့ မှနှုတ်ဆိတ်ထွက်ခွာသွားသောသူ့ကိုကြည့်ရင်း ကျွန်တော့်သည်းတွေ ဓားနဲ့တမြေ့မြေ့  အမွှန်းခံရသလိုမွှစံတက် နာကျင်သွားသည်။ ကျွန်တော်ဘာကြောင့်များသူ့ အပေါ်ခံစားချက်တွေ ရက်ရက်စက်စက်ပြင်းထန်နေပါလိမ့်။ သေချာတာကတော့ ကျွန်တော့်ရင်ထဲမှာ သူ့ကိုနင့်နေအောင်ချစ်မိနေပြီဆိုတာပါပဲ။ အချိန်တိုတိုလေးအတွင်းမှာ ကျွန်တော့်နှလုံးသားကို ဂျွမ်းထိုးမှောက်ခုံ ဖြစ်အောင်လှုတ်ခတ်နိုင်သူ အပြုံးလေးရယ် မင်းကိုကိုယ်အသည်းတွေ ဆတ်ဆတ်တုန်အောင်ချစ်နေပြီ ဆိုရင်ကိုယ်အဖြစ်သည်းလွန်းရာ ကျသွားမလားပဲ။

 

 

အဆောင်မှ နေ့လည်ထမင်းစားချိန်ရောက်တော့ သူပြန်သွားခဲ့သည်။ ကျွန်တော်သူ့ကို လက်ပြနှုတ်ဆက်ရင်း ရင်ထဲမှာကြည်နူးမှု အပြည့်ဖြင့်ပီတိတွေစားလို့မကုန်အောင် ရွှန်းရွှန်းဝေနေသည်။ ဗိုက်ထဲကလည်း တကြုတ်ကြုတ်ဆာလာပြီမို့ ကျွန်တော်လည်း ဆိုင်ကယ်စက်နှိုးကာ အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မေမေကထမင်းပွဲပင် အဆင်သင့်ပြင်ပေးထားသည်။ ကျွန်တော်ဗိုက်ဆာဆာနှင့် လက်ဆေးဇလုံယူကာ လက်ဆေးလိုက်ပြီး ထမင်းပွဲရှေ့တွင်ထိုင်ကာ အားရပါးရလွေးရန်ပြင်လိုက်၏။ ထိုစဉ်အိမ်ရှေ့မှ မေမေ့အသံထွက်လာသည်။

 

"သားရေ ………..ချစ်ရဲအောင် ဒီမှာသားနဲ့တွေ့ချင်လို့တဲ့  ကောင်လေးတစ်ယောက်ရောက်နေတယ်"

 

"လာပြီ ………..အမေ ခဏလေး"

 

လက်ကိုလက်ဆေးဇလုံထဲ ပြန်နှစ်ဆေးလိုက်ပြီး လက်သုတ်ပုဝါဖြင့်သုတ်ကာ အိမ်ရှေ့သို့ကမန်းကတန်းထွက်လာခဲ့၏။ ဘယ်သူများပါလိမ့်။ အိမ်ရှေ့ရောက်တော့ ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားသည်။

 

"ဇင်မင်းသူ......."

 

ကျွန်တော့်ကိုမြင်တော့ ထုံးစံအတိုင်းကောင်လေးက ပြုံးပြသည်။ ဘုရားဘုရား သူကျွန်တော့အိမ်ကို ဘယ်လိုလုပ်သိသွားတာပါလိမ့် မဟုတ်မှလွဲရော ကျွန်တော့်နောက်က ချောင်းပြီးထပ်ကြပ်မကွာ လိုက်လာဟန်တူသည်။ ကျွန်တော့်အနားသို့မေမေက မပြောမဆိုဖြင့်ရောက်ချလာသည်။

 

"သူက ဘယ်သူလေးလဲသား သားသူငယ်ချင်းအသစ်လား"

 

"မဟုတ်ဘူးအမေ အဆောင်ကကျောင်းသား တစ်ယောက်ပါ။"

 

"ဟယ်.......ဟုတ်လား အိမ်ထဲခေါ်ဦးလေသားရဲ့ ကိုယ့်အိမ်ကိုလာလည်တဲ့ သူကိုဒီအတိုင်းရပ်ကြည့်နေရလား"

 

ကျွန်တော်မေမေ့ကို ဘာမှမပြောတော့ပဲ ဘေးဘီကိုတစ်ချက်ဝှေ့ကြည့်လိုက်၏။ ထင်သည့်အတိုင်းပါပင် မေမေ့တပည့်မလေးတွေက ကျွန်တော်တို့ကို ပွစိပွစိဖြင့်တိုးတိုးလေး ပြောနေကြသည်။ ဘာတွေပြောနေကြပြီမသိပါ။

 

"ကောင်လေးက ချောလိုက်တာဟယ် သားလေး ထမင်းစားပြီးမှပြန်နော်သိလား"

 

"နေပါစေအမေ……… သူမဆာလောက်ပါဘူး"

 

"ကျွန်တော်ဆာပါတယ် ……….အန်တီ "

 

ကျွန်တော်သူ့ကို စိတ်အချဉ်ပေါက်ပေါက်ဖြင့် ပြူးကြည့်လိုက်သည်။ ကောင်လေးက ကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး မခိုးမခန့်လုပ်နေသည်။ ဘာတက်နိုင်သေးလဲဟူသော သဘောပင်။ ကျွန်တော့်စိတ်ထဲတွင် ဝမ်းသာစိတ်ရော အံ့သြစိတ်ရော ရောယှက်ကာ နှလုံးသားက နူးညံ့ညင်သာစွာ လှုပ်ရှားနေသည်။

 

"ဟုတ်သားပဲသားရယ် လာ လာ တစ်ခါတည်းဝင်စားရအောင်။ ဟဲ့သား ခေါ်လေကောင်လေးကို"

 

သည်တစ်ခါတော့ကျွန်တော် သူ့ထက်အရင်ဦးအောင် ပြုံးပြလိုက်သည်။ ထို့နောက်တစ်လုံးထဲပြောလိုက်သည်။

 

"လာ.........."

 

ထမင်းစားခန်းထဲရောက်တော့ မေမေနှင့်သူက စကားလက်ဆုံကြနေသည်။ ကျွန်တော်က ဘယ်လိုစာသင်ကောင်းတာဘာညာဖြင့် မေမေ့ကိုရွှီးနေ၏။ မေမေကလည်းသူပြောသမျှ သဘောအကျကြီးကျနေလေသည်။ သမက်နှင့်ယေက္ခမလိုက်လဲလိုက်သည်ဟု ကြံဖန်တွေးပစ်လိုက်သည်။ ထမင်းဝိုင်းတွင် နှုတ်ဆိတ်နေရသူကတော့ ကျွန်တော်ပင်။

 

"သား သားတပည့်ကိုဟင်းတွေထည့်ပေးလိုက်ဦးလေ။ သူ့ထမင်းပန်းကန်ထဲမှာ ထမင်းအဖြူတွေပဲရှိတယ်"

 

"ရော့ ထဲ့စားလေးကွာ ဒါက ငါးသလောက်ပေါင်း ဒါက သရက်သီးသနပ် ဒါက ဟင်းချို။ ဟင်းချို ကတော့ကိုယ့်ဟာကိုခပ်သောက်"

 

သူကကျွန်တော်ပြောသမျှ အပြုံးဖြင့်သာတုန့်ပြန်သည်။ အမြဲတမ်းပြုံးနိုင်လွန်းသည့်သူ့ကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပိုက်ထားချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။

 

"အန်တီရော မစားဘူးလား"

 

"အန်တီကစားပြီးပြီသားရဲ့ သားတို့နှစ်ယောက်ပဲစားကြပါ။ ပြီးရင်အေးအေးဆေးဆေး စကားပြောကြဦး အန်တီအရှေ့မှာ အဝတ်ချုပ်နေတာတန်းလန်းကြီးမိုလို့သွားလိုက်ဦးမယ်"

 

"ဟုတ်ကဲ့အန်တီ"

 

မေမေထွက်သွားတော့ သူကကျွန်တော့်ကို စကားစလာသည်။

 

"ဆရာလေးအမေက အရမ်းသဘောကောင်းတာပဲနော်။ ကျွန်တော်လဲအဲ့လိုအမေမျိုး တစ်ယောက်လောက်လိုချင်သားဗျ"

 

"မင်းမှာအမေမရှိတော့ဘူးလား"

 

"မရှိတော့ဘူး အဖေရယ်အမတစ်ယောက်ရယ်ပဲရှိတယ်။ "

 

"ဪ ငါ့မှာလဲမောင်နှမမရှိဘူးကွ ငါကမင်းလိုချစ်စရာကောာင်းတဲ့ ညီလေးတစ်ယောက်လောက်လိုချင်သေးတာ။ ငါ့အဖေကစောစောသေသွားတော့ မရတော့ဘူး"

 

"ဒါဆိုကျွန်တော့်ကိုပဲ ညီလေးလို့သဘောထားပေါ့ဗျာ။ ကျွန်တော်လေ ဆရာလေးကိုအရမ်းခင်လို့ အိမ်ထိလာလည်တာပါဗျာ။ ကျွန်တော်ဆရာလေးမကြိုက်တာကို ဇွတ်လုပ်မိသလိုဖြစ်သွားရင် ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော်"

 

"ဘာကိစ္စစိတ်ဆိုးရမှာလဲ ညီလေးရဲ့။ "

 

"ကျွန်တော့်ကို ခေါ်တာလား"

 

"ဒီနားမှာမင်းကလွဲပြီးဘယ်သူရှိသေးလို့လဲ"

 

"ဟား ဒါဆိုကျွန်တော်အကိုတစ်ယောက် ရပြီပေါ့"

 

ကျွန်တော့်စကားကြောင့် ပြုံးပျော်နေတဲ့သူ့ကိုကြည့်ပြီး ကျွန်တော်မျက်ရည်မလည်မိအောင် သတိထားရသည်။ ထိလွယ်ခိုက်လွယ်တဲ့  ကျွန်တော့်နှလုံးသား နုနုထွတ်ထွတ်လေးက အချစ်ရည်တောက်ပစွာ ရွှန်းလဲ့နေသည်။ ရင်ခုန်လှိုက်မောမှုတွေက အမည်တပ်လို့မရအောင် ထူးခြားနေလွန်းသည်။ အချစ်ဆိုတာ ဟန်ဆောင်မှုတွေများတယ်ဆိုတာ ကျွန်တော်လက်သင့်မခံချင်တော့သလိုလိုပါပင်။ ကျွန်တော်ကြုံတွေနေရတဲ့ အချစ်က ရိုးသားဖြူစင်လွန်းစွာ ပျားရည်လိုချိုမြမှုရှိလှပါသည်။

 

"အင်း လူတွေရှေ့ဆိုရင်တော့ မင်းကငါ့ကျောင်းသားပေါ့ ကွယ်ရာကျရင်တော့ ငါ့ညီလေးပေါ့"

 

စိတ်ထဲမှာဆိုရင်တော့ ငါချစ်သူပေါ့ ဆိုတဲ့စကားကိုတော့မျိုသိပ်ထားလိုက်သည်။

 

"ကျွန်တော့်အကိုဆိုတော့ ဆရာလေးအဲ့ အကိုလေးက ညကျရင်အိမ်မပြန်နဲ့တော့ ကျွန်တော်နဲ့လိုက်အိပ်။ ကျွန်တော့် အခန်းကအကြီးကြီးပဲ အိပ်ယာက လည်းအကျယ်ကြီးပဲ  ကျွန်တော်တစ်ယောက်ထဲနေတာ။ အကိုလေးနဲ့ဆိုတော့ အိပ်ရမှာပျော်စရာကြီး ညအိပ်ရင်ခွထားမယ် ဖက်ထားမယ် ပြီးရင်....."

 

"ပြီးရင်ဘာဖြစ်လဲ"

 

"ဘာမှမဟုတ်တော့ဘူး ဒါပဲ"

 

"မင်းကငါနဲ့အိပ်ရဲလို့လား ငါကအအိပ်ကြမ်းတယ်နော် မထင်ရင်မထင်သလို ဘေးနားမှာရှိတဲ့သူကိုကန်ချတတ်တယ်"

 

 

ကျွန်တော့်စကားကြားတော့ သူသွားပေါ်အောင်ရယ်သည်။ သွားလေးတွေကလည်း ညီညာပြီးဖြူဖွေးနေသည်။

 

"ဆရာလေး ညနေအဆောင်ကို စောစောလာနော် ကျွန်တော်ပြန်တော့မယ် အဖေမျှော်နေမှာစိုးလို့"

 

"အင်း ကောင်းပါပြီဗျာ"

 

ထို့နောက်သူပြန်သွားသည်။ သူမရှိတော့မှ ကျွန်တော့်နှလုံးသားက ကျွန်တော့်ကိုစကားပြောလာသည် "ခဏကကောင်လေးကို သိပ်ချစ်တယ်"တဲ့။

 

 

                                           

                                                          ဆက်ရန်ရှိသေးသည်

                                                              lovealone:P

                                                      boytheboy.sept@gmail.com

Apr 9th

ရူးအောင်ချစ်တဲ့သူ ( အခန်း ၆)

By Alien

အပိုင်း (၈)

ဝေယံ တစ်ယောက် မနေ့က အဖြစ်အပျက်တွေကို ပြန်တွေးမိတိုင်း ကိုယ်ရင်ခုန်သံကိုယ်ပြန်ကြားမိလောက်အောင်အထိ စိတ်လှုပ်ရှားမိသည်။ အတွေ့အကြုံတွေရှိခဲ့ဖူးသော်လည်း အခုလို ကိုယ်ကြိတ်ရင်ခုန်နေရတဲ့လူတစ်ယောက်နဲ့ ဖြစ်ခဲ့ရတာဆိုတော့ ဇော်ပိုင် သီချင်းလိုပဲ… “ရင်ခုန်ရလွန်းလို့ ရူးမှာပဲ” ဆိုသလိုဖြစ်နေပြီ။ လူစိတ်ဆိုတာလည်း ဆန်းကြယ်သား။ မရနိုင်ဖူးလို့ သိလေ…ပိုလိုချင်လေ ဖြစ်ပြီး ကျော်စွာရဲ့ဘဲလေးနဲ့ နီးစပ်ရန် လမ်းစ ဆွဲထုတ်ဖို့ ဦးဏှောက်ကို အလုပ်ပေးထားလိုက်သည်။ သိပ်မကြာခင်မှာပင် ခေါင်းထဲမှာ လင်းခနဲတစ်ချက်ပေါ်လာပြီး…နဗ်ကြောများ၏ လှုံဆော်မှုကြောင့်.သူ့ဖုန်းကို အပြေးအလွှားသွားဖွင့်ကြည့်မိလိုက်လေသည်။

“အိုခေ…ဒီလောက်ဆို လိုတာထက်တောင်ပိုသေးတယ်….နောနော်ပေါ့.. (နောနော်= အတိုင်းအထက်အလွန်)”

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

“ကိုထက်ရေ…ကိုထက်…”

“ဖွင့်ထားတယ်…၀င်လာခဲ့”

တကြော်ကြော်အော်ခေါ်နေသော ကောင်မလေးကို အခန်းထဲဝင်လာဖို့ ထက်မြတ် လှမ်းခေါ်လိုက်သည်။

“ကိုထက်…ဒီမှာ..အခွေနဲ့ စာ ..ကိုထက်သူငယ်ချင်းဆိုတဲ့ အကိုကြီး တစ်ယောက်လာပို့သွားတာ…”

ထက်မြတ် ရုတ်တရက်ကြောင်သွားသည်။ စင်ကာပူမှာ အနေများတဲ့ ထက်မြတ်အတွက် မြန်မာပြည်မှာ ခင်မင်ရင်နှီးတဲ့သူငယ်ချင်းရှားသည်။ ချစ်သူ ကျော်စွာများ surprise လုပ်ပြီး ပို့တာလားလို့တွေးမိပေမယ့်…..အိမ်ဖော်ကောင်မလေးက ကျော်စွာကို နာမည်ရော လူပါသေချာသိသဖြင့်…မဟုတ်နိုင်ပေ။ ပဟေဌိတွေနဲ့ အတူကောင်မလေးလက်ထဲက အခွေနဲ့ စာကို လက်လှမ်းယူလိုက်မိသည်။

“အိုခေ..သွားလို့ရပြီ။”

ကောင်မလေးကို လှမ်းပြောပြီး ထွက်သွားတာနှင့် အခန်းတံခါးလော့ခ်ကို ချလိုက်သည်။…ထူးဆန်းစွာရောက်ရှိလာတဲ့ စာနဲ့ VCD အခွေလေးကို ထက်မြတ်ငေးစိုက်ရင်း ဘယ်ဟာကို အရင် ဖွင့်ဖောက်ရင်ကောင်းမလဲစဉ်းစားနေမိသည်။ “ကိုထက်မြတ်ဇော်”ဆိုပြီး ကွန်ပျူတာစာစီ လိပ်မူတပ်ထားတဲ့..ပန်းနုရောင် စာအိပ်လေးကလည်းဆွဲဆောင်မှုရှိသလို…ဗွီစီဒီ အခွေလေးထည့်ထားတဲ့ ဖော့ဘူးအမဲလေးကလည်း ကြည့်ရန်လက်ယပ်ခေါ်နေလေသည်။ နောက်ဆုံးမှာ ဖော့ဘူးလေးထဲမှ အခွေလေးကို အသာထုတ်ပြီး လပ်ပ်တော့ထဲကို ထည့်ပြီး ဖွင့်ကြည့်လိုက်မိသည်။

“ဘုရားရေ”…

ရိုးရိုးဗွီဒီယိုခွေတွေလို မင်းသား မင်းသမီး ဘာစာတမ်းထိုးတာမှ ပေါ်မလာဘဲ တန်းပေါ်လာတဲ့ပြကွက်တစ်ခုကြောင့် ထက်မြတ်မျက်လုံးတွေ ပြာနှမ်းထွက်သွားသည်။ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး..အင်ကျီရင်ဘတ်ဟဗြဲနဲ့….တစ်စုံတစ်ယောက်ရဲ့ လီးကို စိတ်ပါလက်ပါ မှုတ်ပေးနေသော မိမိပုံမိမိ ပြန်မြင်လိုက်ရတဲ့ တစ်ခဏ ဦးဏှောက်တစ်ခုလုံး ဆူဝေသွားပြီး … နှလုံးသားတွေပင်ပေါက်ထွက်မတတ်…တ၀ုန်းဝုန်းခုန်လာလေတော့သည်။  မနေ့က တိုက်ခန်းပေါ်က သူစိမ်းတစ်ယောက်နဲ့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို တစ်မဟုတ်ချင်း ပြန်လည် သတိရလာမိသည်။ ဒါဆို ဒီအခွေပို့တာက အနှီလူစိမ်းလား????ဒါမှမဟုတ် အခြားတစ်စုံတစ်ယောက်က ခြောင်းမြောင်းလုပ်ကြံပြီး ဗွီဒီယိုရိုက်လိုက်လေသလား????  အခွေကို ဘယ်လိုမှဆက်ကြည့်ရန်အင်အားမရှိတော့သဖြင့် လပ်ပ်တော့မှ အမြန်ပြန်ထုတ်ကာ….လပ်ပတော့တစ်ခုလုံးကို ကယောင်ကတမ်းနဲ့ ရှပ်ဒေါင်းချလိုက်မိသည်။ တစ်ဆက်တည်း ဆင်ခြင်မိလိုက်သည်က အနှီပန်းနုရောင်စာမှာ ဘယ်လိုနည်းနဲ့မှ ကောင်းသော ကံကြမ္မာကိုသယ်ဆောင်လာမည်မဟုတ်ဆိုတာ….ဗေဒင်မေးစရာမလိုလောက်အောင် မှန်ကန်နေပေလိမ့်မည်ဖြစ်သည်။

တုန်ယင်သော လက်အစုံဖြင့် စာကို ကြိုးစားရွေ့ဖွင့်နေမိသည်။ တစ်ခုခုဖြစ်လာရင် ၀ိုင်းတတ်လာတတ်သောမျက်ရည်တွေကို မဖယ်ရှားနိုင်လောက်အောင် စာအိတ်ကို သည်းကြီးမည်းကြီးနိုင်စွာ ဖောက်နေမိသည်။ တစ်ချိန်ထဲမှာပဲ အထဲက စာလုံးတွေကို ရင်ဆိုင်ဖို့ ကိုလည်း သွေးပျက်မတတ်ကြောက်ရွံထိတ်လန့်နေမိသည်။ နောက်ဆုံးမှာတော့….အထဲက ဖြူလွလွ စာရွက်လေးတစ်ခုထွက်လာသည်။ ထိုအဖြုရောင်စာရွက်ပေါ်မှာ အနက်ရောင်မှင်နဲ့ ခပ်သော့သော့လက်ရေးတစ်ခု…….

“ကိုထက်မြတ်ဇော်….

        အကောင်းဆုံးသရုပ်ဆောင်ထားတဲ့ ခင်ဗျားရဲ့ အနုပညာအရည်အသွေးကို ပြန်လည်ခံစားဖို့ ၁၀ မိနစ်စာအခွေလေး ထည့်ပေးလိုက်ပါတယ်။  ဒီအခွေလေးဘယ်လောက်ကောင်းလဲဆိုတာ ခင်ဗျားချစ်သူ ထွတ်ကျော်စွာလည်း သိသင့်တယ်လို့ကျတော်ထင်တယ်…. ဒါပေမယ့် စိတ်မပူပါနဲ့….အခုချိန်ထိ ဒီဗွီဒီယိုဟာ ခင်ဗျားနဲ့ ကျတော်လက်ထဲမှာပဲရှိပါသေးတယ်..။ ထွတ်ကျော်စွာဆီ ပို့သင့်မပို့သင့်ကတော့ ခင်ဗျားနဲ့ကျတော် အကြေအလည်ဆွေးနွေးရမယ့်ကိစ္စပေါ့…။

         ဒါကို ခင်ဗျား စိတ်ဝင်စားမယ်ဆိုရင် မနက်ဖြန်မနက် ၁၀ နာရီ ကန်တော်ကြီး ထဲက coffee circle ကို လာခဲ့ပါ။ ၁၀ နာရီခွဲထိ ခင်ဗျားမရောက်လာရင်..ထွတ်ကျော်စွာဆီ အခွေပို့မယ့်ကိစ္စ ခင်ဗျားဘက်က ကန့်ကွက်မှုမရှိ သဘောတူတယ်လို့ ကျတော်ယူဆလိုက်ပါ့မယ်…..

Best of Luck…..

WAI YAN”

စာကိုဖတ်ပြီး…ဟိုတစ်နေ့က တိုက်ခန်းမှာတွေခဲ့တဲ့ အသားဖြူဖြူ အရပ်မြင့်မြင့် ကောင်ကို သတ်ပစ်ချင်စိတ်ပေါက်လောက်အောင် ဒေါသထွက်သွားမိသည်။  Black Mail ပို့ပြီး ခြိမ်းခြောက်ခံရတဲ့ကိစ္စရော….ကိုယ်ကိုယ်တိုင် ပက်ပက်စက်စက်ဖြစ်နေတဲ့ ဗွီဒီယိုအခွေကြောင့်ရော….ရှက်လည်းရှက်ဒေါသလည်းထွက်ပြီး…တစ်ချိန်တည်းမှာပင် ဒေါသကြီးသူ ချစ်သူကျော်စွာများ သိသွားလိုက်ရင်ဆိုပြီး ကြောက်စိတ်များပေါ်လာခဲ့ပြန်သည်။ ရုတ်တရက် ဇောချွေးများပြန်လာပြီး အားအင်တွေစုတ်ထုတ်လိုက်သလို ဒူးများပင်မခိုင်ချင်တော့ပေ။   ဒီဇာတ်လမ်းကို ဘယ်လိုဖြေရှင်းရမယ်မှန်းမသိ။ အစထဲက မပတ်သတ်မိရင်ကောင်းသား ဆိုပြီး အကြိမ်ကြိမ်တွေးတောနောင်တရမိနေသည်။ ဒီအကြောင်းကို ထွဋ်ကျော်စွာသိရင် ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်…ကျော်စွာ အကြောင်းကို ကျွန်တော် သာလျှင်အသိဆုံး။ ကျော်စွာက ကျွန်တော့် ရဲ့ အချစ်ဦး အချစ်ဆုံး။ စိတ်တို စိတ်ဆတ် လက်မြန်ခြေမြန်တဲ့ နေရာမှာ ၂ ယောက်မရှိ။  ရန်ပွဲအပွဲပွဲနွှဲလာတဲ့.လူမိုက်လေး ကျော်စွာ….။ ဒီကောင့်ကို စတင်ချစ်ကတည်းက ကျွန်တော့်မှာ…ချစ်စိတ်ကြောင့်ရင်ခုန်ရတာနဲ့…..သူ့ဒေါသရန်ပွဲတွေကြောင့်ရင်တုန်ရတာနဲ့…လူက နှလုံးရောဂါ..ရလုနီးနီး။ အခုဖြစ်နေတဲ့အကြောင်းကိုသာ…ဒင်းသိသွားလျှင် လူသတ်မှုမဖြစ်နိုင်ဖူးလို့ ဘယ်သူမှ အာမ,မခံနိုင်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်အပေါ်ထားရှိတဲ့ ကျော်စွာရဲ့ လွန်ကဲတဲ့အချစ်စိတ်တွေကြောင့်ပေါ့...သူ့အချစ်တွေနဲ့သူဒေါသတွေသာပေါင်းပြီး ပေါက်ကွဲရင်တော့ ဝေယံဆိုတဲံ့ကောင် ကံဆိုးရင် ကျွန်တော်ပါ လောင်မြှိုက်ပြာကျသွားမှာ သေချာပါတယ်။

“မဖြစ်ဖူး….မဖြစ်ဖူး” စိတ်ထဲမှာ အကျိန်ကျိန်ရေရွတ်မိတယ်…ဒီကိစ္စကို ကျော်စွာ ဘယ်လိုနည်းနဲ့မှ သိလို့မဖြစ်ဖူး…။

 “ငါ အတတ်နိုင်ဆုံး…ငါ့နည်းငါ့ဟန်နဲ့ဖြေရှင်းရမယ်။” ဖြေရှင်းဖို့အတွက်နည်းလမ်းကလည်း တစ်လမ်းထဲရှိသည်။ လူယုတ်မာဝေယံပြောတဲ့ ချိန်းဆိုမှုကိုလက်ခံလိုက်ယုံကလွဲရင် အခုချိန်ထိ တစ်ခြားသောနည်းလမ်းကို စဉ်းစားလို့မရ။

မောပန်းစွာ သက်ပြင်းတစ်ခုကိုမှုတ်ထုတ်လိုက်သည်။ လေပူတွေထွက်သွားပေမယ့်..ရင်ဘတ်ထဲက အပူတွေကတော့ ငြိမ်းမသွား။ ပင်ပန်းလွန်းစွာ မသယ်ချင်သယ်ချင်သယ်လာတဲ့ ခန္ဒာကိုယ်တစ်ခုလုံးကို ကုတင်ပေါ်ကို ပစ်ချလိုက်သည်။ သက်သာလိုသက်သာငြား မျက်လုံးနှစ်ဖတ်ကိုပါ အနားပေးထားလိုက်သည်။ .ယနေ့ညမှာတော့ အလိုက်တသိရောက်လာတဲ့ အိပ်စက်ခြင်းကို အထူးပင်ကျေးဇူးတင်မိသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Apr 9th

“ အဖြည့်ခံ ... ”

By ph7love

အကြီးကြီးချစ်ခဲ့လို့..

အကြီးကြီးပြိုလဲခဲ့ရသူပါ

တိတ်တဆိတ် ငါ့မျက်ရည်တွေကို

အော်ဟစ်ဖောက်သွန်ချပစ်လိုက်ချင်ပေမယ့်

ပါးစပ်ကိုလက်နှင့်ပိတ်

အသံမထွက်အောင်ကြိတ်ငိုနေခဲ့တာ

မင်းသိမှာစိုးလို့ပါချစ်သူ....

မမြင်စေချင်ပါဘူး....

မကြားလည်းမကြားစေချင်ပါဘူး...

ဒီအသံ

ဒီမြင်ကွင်းတွေက

မင်းလျှောက်မယ့်လမ်းမှာ

ဆူးငြောင့်ခလုပ်တွေလေ...

လမ်းဖြူးဖြူးမှာ

သက်သက်သာသာလျှောက်ပါချစ်သူ....

မြောင်းကိုတွေ့ရင် ကျောခင်းပေးပါ့မယ်

ဆူးတောတွေ့ရင်

နှလုံးသားကိုခင်းပေးပါ့မယ်

ဖွဖွရွရွနင်းမသွားပါနဲ့

ကလေးလေးတစ်ယောက်လို

အပူပင်မရှိ ခုန်ပေါက်ပြီးမင်း...

နင်းခြေသွားလိုက်စမ်းပါ

မင်းအတွက်ငါ...

တစ်ထောင့်တစ်နေရာလေး

အဖြည့်ခံပေးလိုက်ရတယ်ဆိုရင်ပဲ

ငါကျေနပ်ပါပြီ...

မင်း...နင်းခြေသွားလိုက်စမ်းပါ...

မင်း...ဖဲ့ခြွေသွားလိုက်စမ်းပါ...

လမ်းဖြူးဖြူးကလျှောက်သွားခဲ့တဲ့မင်း...

အဝေးရောက်တော့မှ

နာလာတဲ့ငါ့ရင်ဘတ်ကြောင့်

ယောင်ယမ်းပြီးငါငုံ့ကြည့်လိုက်တယ်...

သြော်...သွေးတွေတစ်စက်စက်ထွက်လို့ပါလား....။။

                                                                                        နှလုံးသားထဲက လက်တစ်ဖက်ဖြင့်

                                                                                                      ဘုန်းသင်္ဂါ